အာရုံစူးစိုက်နိုင်ဖို့ အခက်အခဲရှိတဲ့ ADHD ဆိုတာဘာလဲ?

ကလေး လူကြီးမရွေး ကျွန်မတို့ တော်တော်များများဟာ တခါတလေမှာ ကိစ္စတစ်ခုကို အာရုံစူးစိုက်နိုင်ဖို့၊ အလုပ်တစ်ခုကို တထိုင်တည်းပြီးအောင်လုပ်ဖို့ ဒါမှမဟုတ် ငြိမ်ငြိမ်လေးထိုင်နေဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ တွေ့ကြုံပါများတဲ့အခါ ကိုယ့်ကိုကိုယ်၊ ဒါမှမဟုတ် မိမိကလေးကို ADHD ဖြစ်နေပြီလားလို့ သံသယဝင်လာနိုင်ပါတယ်။ ADHDဟာ များသောအားဖြင့် ကလေးတွေမှာအဖြစ်များပြီး လူကြီးတွေမှာလဲ ဖြစ်လေ့ရှိပါတယ်။

➡️ADHDဆိုတာဘာလဲ?
ADHD ဆိုတာကတော့ လူသားတွေကို အစီအစဥ်ဆွဲရန်၊ အာရုံစိုက်ရန်နဲ့ အလုပ်တစ်ခုကို လုပ်ဆောင်နိုင်ရန်ကူညီပေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို သက်ရောက်မှု့ရှိစေတဲ့ Neurological Disorderတစ်မျိုးဖြစ်ပြီး သူ့ကိုအရှည်ကောက်အနေနဲ့ Attention Deficit Hyperactivity Disorder လို့ ခေါ်ပါတယ်။
အဓိကအနေနဲ့ ADHDမှာဆိုရင် အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း၊ ငြိမ်ငြိမ်မနေနိုင်ဘဲ တက်ကြွလွန်းခြင်းနဲ့ စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ခြင်း ဆိုတဲ့ လက္ခဏာ(၃)ခုရှိပါတယ်။

1. အာရုံမစူးစိုက်နိုင်ခြင်း
◼️အသေးစိတ်အချက်အလက်တွေကို သေချာဂရုမစိုက်တတ်ခြင်း
◼️အလုပ်လုပ်နေစဉ် နဲ့ ကစားနေစဥ်မှာ အာရုံစူးစိုက်မှု့ ကြာကြာမရခြင်း
◼️အချိန်ကြာစေပြီးအာရုံစူးစိုက်ရမဲ့ လုပ်ငန်းများကို လုပ်ဆောင်ရန် ရှောင်ကြဥ်ခြင်း(ဥပမာ-အိမ်စာလုပ်ခြင်း)
◼️အလုပ်နဲ့ကျောင်းအတွက်အသုံးဝင်သော ပစ္စည်းများ မကြာခဏ ပျောက်ရှတတ်ခြင်း
◼️နေ့စဥ်လုပ်ငန်းဆောင်တာများတွင် မေ့လျော့တတ်ခြင်း စသည်တို့ဟာ အာရုံစူးစိုက်နိုင်မှု့မရှိတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

2. တက်ကြွလွန်ခြင်း
ADHDဖြစ်နေတဲ့သူအများစုဟာ ငြိမ်ငြိမ်လေးထိုင်မနေနိုင်ခြင်း၊ (ဥပမာ-ဆရာမက ထိုင်ခုံမှာ ထိုင်ခိုင်းထားရင်တောင် ခဏပဲထိုင်ပြီး ထပြေးတတ်ခြင်း)၊ မသင့်လျော်တဲ့ အခြေအနေ(ဥပမာ-ကျောင်းကပွဲ)မှာ ပြေးထွက်ခြင်း ဒါမှမဟုတ် အနီးအနားမှာရှိတဲ့ တစ်ခုခုအပေါ် ကပ်တွယ်တက်ခြင်းစသည်တို့ ဖြစ်နိုင်ပါတယ်။ မကြာခဏဆိုသလို မော်တာတပ်ထားတဲ့စက်တွေလို ပြုမူပြီး စကားအလွန်​များတတ်ခြင်းတွေလဲ ဖြစ်လေ့ရှိပါတယ်။

3. စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ခြင်း
ADHDရှိသူတချို့ဟာ အမြဲလိုလို စိတ်လိုက်မာန်ပါလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ဟာ ဆုံးဖြတ်ချက်တစ်ခုမချခင် စဥ်းစားတွေးခေါ်နိုင်စွမ်းမရှိကြပါဘူး။ တခါတရံမှာ သူတို့ဟာ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်ပေးပြီး ရိုင်းစိုင်းတဲ့ပုံပေါက်တတ်ပါတယ်။ဒီလိုတွေကြောင့်ပဲ ADHDရှိသူတွေဟာ ဆက်ဆံရေးပြဿနာတွေ၊ ပြောဆိုဆက်သွယ်မှု့ပြဿနာတွေအပြင် စိတ်လိုက်မာန်ပါလုပ်ခြင်းကြောင့်ပဲ တခါတရံမှာ မိမိကိုယ်ကိုနဲ့ အခြားသူတွေကို ထိခိုက်နိုင်တဲ့အခြေအနေတွေနဲ့ ထိခိုက်မှု့တွေ ဖြစ်စေနိုင်ပါတယ်။
ဒီလက္ခဏာ(၃)ခုဟာ သိသာထင်ရှားပြီး အချိန်အတော်ကြာတဲ့ထိ ဖြစ်နေပြီး ကိုယ့်ရဲ့အလုပ်နဲ့ ကျောင်း တွေမှာ အနှောက်အယှက်ပေးနေရင်တော့ ကျွမ်းကျင်တဲ့ပညာရှင်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

➡️ADHDဖြစ်စေတဲ့အကြောင်းအရင်းများ
အရင်ဆုံးအနေနဲ့တော့ ADHDဟာ ကလေးပြုစုပျိုးထောင်မှု့ ညံ့ဖျင်းခြင်းနဲ့ မိခင်အစားအသောက်မဆင်ခြင်လို့ဖြစ်တာမဟုတ်ဘဲ အဖြစ်များတဲ့ အောက်ကအချက်တွေကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတစ်ခုပဲဖြစ်ပါတယ်။
◼️မျိုးရိုးဗီဇဆိုင်ရာ ဦးနှောက်ဖွံ့ဖြိုးမှု့ပုံမမှန်ခြင်း
◼️အာရုံကြောမဖွံ့ဖြိုးခြင်း၊ အားနည်းခြင်း
◼️ဓာတုပစ္စည်းမညီမျှမှု့
◼️ပတ်ဝန်းကျင်ဆိုင်ရာလွှမ်းမိုးမှု့
◼️အစာအာဟာရဆိုင်ရာပက်သက်မှု့

➡️ADHDအတွက်ကုသနည်းများ
Behavioral Therapy
အပြုအမူကုထုံးမှာဆိုရင် Therapistဟာ ကျောင်းအလုပ် ဒါမှမဟုတ် အလုပ်ကိစ္စများကို အစီအစဥ်ချနိုင်ဖို့ ကူညီပေးပြီး ကိုယ့်ရဲ့ အပြုအမူတွေကိုသတိထားမိစေဖို့နဲ့ ကိစ္စတစ်ခုကို မလုပ်ဆောင်မှီ သတိရှိတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အထောက်အပံ့ပေးကြပါတယ်။ ADHD အတွက် ဒီကုထုံးနဲ့ကုသတဲ့အခါမှာဆိုရင် မျှဝေသုံးစွဲဖို့ သင်ပြခြင်း၊ အခြားသူများနဲ့ အပြန်အလှန်တုံ့ပြန်ပြောဆိုတတ်ဖို့ သင်ပြခြင်းနဲ့ အလှည့်ကျစောင့်ဆိုင်းနည်း စတာတွေ ပါဝင်ပါတယ်။

Cognitive Behavioral Therapy
CBT လို့ခေါ်တဲ့ သိမှု့ကုထုံးနဲ့ ADHD ရှိသူအတွက် တရားထိုင်ခြင်းဟာ အရာတစ်ခုအပေါ် အာရုံစူးစိုက်နိုင်ဖို့အတွက် အကူအညီပေးပြီးတော့ အတွေးတွေကိုအသိအမှတ်ပြု လက်ခံလာနိုင်စေဖို့ ကူညီပေးပါတယ်။ ADHD အတွက် ဒီကုထုံးမှာဆိုရင် Therapistတွေဟာ စိတ်ကိုအေးချမ်းစေမဲ့အကြောင်းအရာတွေနဲ့ တရားထိုင်နည်း စတာတွေကို သင်ကြားပြသလေ့ရှိပါတယ်။
Family and Marriage Therapy
မိသားစုကုထုံးကတော့ ADHD ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေ၊ မိသားစုများအကြားဆက်ဆံရေးတွေ စတာတွေကို ကူညီဖြေရှင်းပေးပါတယ်။

➡️ADHDရှိသူအတွက် နေထိုင်သင့်သည့် လူနေမှု့ပုံစံ
◼️နေ့စဥ်ဆောင်ရွက်ရမဲ့အရာများကို စာရင်းပြုစု၍ မြင်သာမည့်နေရာမှာ ပြသထားခြင်း
◼️ သတိပေးချက်များကို sticky note နဲ့ စက်ပစ္စည်းတခုခုမှာ ထည့်သွင်းထားခြင်း
◼️ အလုပ် ဒါမှမဟုတ် ကျောင်းမှာ အာရုံစူးစိုက်နိုင်မှု့ရရှိဖို့အတွက် ကိုယ့်အတွက် အဆင်ပြေမဲ့နည်းလမ်းများဖန်တီးခြင်း စတာတွေ ပြုလုပ်လို့ရပါတယ်။

ADHDကို ကုသတဲ့အခါ အချိန်တစ်ခုပေးရပြီး ADHDရှိသူရဲ့ အသက်၊ စိတ်နေစိတ်ထား၊ တစ်ဦးချင်းရဲ့တိကျတဲ့လက္ခဏာ စတာတွေပေါ်မူတည်ပြီး ကုသမှု့နည်းလမ်းတွေ ပြောင်းလဲတတ်ပါတယ်။
ADHDအတွက် ကုထုံးတွေဟာ များသောအားဖြင့် အောင်မြင်ကြတာကြောင့် ADHD ရှိနေရင်စိုးရိမ်ဖို့မလိုပါဘူးနော်။

နောက်ရက်တွေမှာလဲ Citta Sukha page ကနေ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့အသိပညာတွေကိုဆက်လက်ဝေမျှပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါအုံးရှင့်။ Counseling service လိုအပ်ပါကလည်း Citta Sukha Page ရဲ့ page cbမှာ လာရောက်ပြီး bookingလုပ်လို့ရပါတယ်ရှင့်။

#cittasukha #mentalhealth #psychology #adhd #counselling #therapy #wellbeing #anxiety #happylife #counsellor #therapist #stress #goodlife #myanmar #meditation #yangon #စိတ္တသုခ #စိတ်ပညာ #မြန်မာ #ရန်ကုန်