Enneagram

Enneagram ဆိုတာ ဘာလဲ?

Enneagram ဆိုတာက အတိုပြောရရင် ကိုယ့်ရဲ့ Personality ကိုဆန်းစစ်ပေးတဲ့ test တစ်မျိုးပဲ ဖြစ်ပါတယ်။ Enneagram ပုံမှာ ထောင့်ကိုးထောင့်ပါဝင်ပြီးတော့ ထောင့်တစ်ထောင့်ချင်းစီတိုင်းက personality တစ်ခုကို ကိုယ်စားပြုပါတယ်။ Enneagram ပုံရဲ့ အပြင်ပိုင်းကို စက်ဝိုင်းပုံပြုလုပ်ထားပြီးတော့ အတွင်းမှာတော့ တြိဂံတစ်ခုနဲ့ အနားမညီဆဌဂံတို့နဲ့ ဖွဲ့စည်းထားပါတယ်။

ဒီ test မှာ ဘာ‌သိရသလဲဆိုတော့ Type no. တစ်ခုရဲ့ အကောင်းဆုံးအချိန် Vs အဆိုးဆုံးအချိန်၊ သူတိုအလိုချင်ဆုံးအရာ Vs သူတိုအကြောက်ဆုံးအရာ အဲ့လိုမျိုးတွေ နှိင်းယှဉ်ပြပေးတယ်။
သဘောကျစရာအချက်က – လူတစ်ယောက်က type တစ်ခုတည်းမှာပဲ အံဝင်ခွင်ကျ ဖြစ်တာမျိုး မရှိနိုင်တဲ့အတွက် ကျန်တဲ့ type တွေနဲ့ ကိုယ်က ဘယ်ရာခိုင်နှုန်းအထိ နီးစပ်လဲ ဆိုတာပါ ပြပေးတာပဲ။

Enneagram အမျိုးအစားများ

Enneagram အမျိုးအစားက ၉ မျိုးထိရှိပြီးတော့ တစ်ခုချင်းစီတိုင်းမှာ လူသိများတဲ့ နာမည်နဲ့ နံပါတ် အသီးသီးစီ ရှိကြပါတယ်။ အခုဆောင်းပါးလေးမှာတော့ Personality ၉ မျိုးအကြောင်းကို တစ်ခုချင်းစီ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

အမျိုးအစား – ၁ (THE REFORMER )

အမျိုးအစား – ၁ စိတ်နေစိတ်ထားရှိတဲ့လူတွေက အရှင်းဆုံးပြောရရင် Perfectionist လို့ ပြောလို့ရပါတယ်။ အရာအားလုံးကို တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ထိန်းချုပ်လုပ်ဆောင်လိုက်ရမှ ကျေနပ်ကြသူလေးတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်ကိစ္စတွေကို စိတ်ခံစားချက်နဲ့ မရောထွေးမဆုံးဖြတ်ဘဲ ဘယ်ဟာကမှန်တယ် ဘယ်ဟာကမှားတယ်ဆိုတာကို လောဂျစ်ကျကျ ဆုံးဖြတ်တတ်တဲ့ စိတ်ထားပိုင်ရှင်လေးတွေပဲ ဖြစ်ပါတယ်။

အမျိုးအစား – ၂ (THE HELPER. )

ဒီအမျိုးအစားကတော့ ပရဟိတသမားလေးတွေ စိတ်ကောင်းရှိသူလေးတွေလို့ ပြောရင် ပိုမှန်မလားနော်။ အမေတစ်ယောက်က သားသမီးကို စောင့်ရှောက်ပေးသလိုမျိူး လူတွေကို ကူညီစောင့်ရှောက်ပေးရတာကြိုက်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားကြပါတယ်။ အချစ်ခံရတာကို သဘောကျပြီး တစ်ခါတလေမှာ တခြားသူရဲ့ အလိုဆန္ဒကို ဖြည့်ပေးဖို့အတွက် ကိုယ့်မှာ လိုအပ်နေတဲ့အရာကိုတောင် လျစ်လျူရှုတတ်ကြပါသေးတယ်။ ပေါင်းသင်းဆက်ဆံရေးကို အလေးထားပြီး သူတစ်ပါးစိတ်ခံစားချက်တွေ ရင်ဖွင့်တာတွေကို သေချာလေး နားထောင်ပေးပြီး ကူညီဖို့ အဆင်သင့်ဖြစ်နေတတ်ကြတဲ့ စိတ်ထားကောင်းသူလေးတွေပါပဲ။

အမျိုးအစား – ၃ (THE ACHIEVER )

Achiever ဆိုတဲ့နာမည်အတိုင်းပဲ အလုပ်ကြိုးစားပြီး အမြဲတမ်း မိမိကိုယ်ကို ပိုကောင်းအောင် အရည်အချင်းတွေ ဖြည့်နေတတ်တဲ့ လူမျိုးဖြစ်ပါတယ်။ အနည်းငယ် တစ်ကိုယ်ကောင်းဆန်တယ်လို့လည်း ပြောခံရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ တခြားသူတွေရဲ့ ကောင်းခြင်းဆိုးခြင်းကို သိပ်စိတ်မဝင်စားတတ်ကြဘဲ ခေါင်းထဲမှာ မိမိအကြောင်းပဲ တွေးနေပြီး ဘယ်လိုမျိုး ပိုပြီးတိုးတက်အောင် ကြိုးစားရမယ်ဆိုပြီး တွေးနေတတ်တဲ့ စာဂျပိုး အလုပ်ဂျပိုးလေးတွေ ဖြစ်ကြလို့ပါပဲ။ အောင်မြင်ရတဲ့ အရသာကို နှစ်သက်ပြီးတော့ နောက်ထပ် အောင်မြင်မှုတွေ ရအောင်လည်း အစွမ်းကုန် ကြိုးစားတတ်ကြပါတယ်။ အောင်မြင်နေတာ ကြိုးစားနေတာ ကောင်းတာပဲလို့ အကောင်းတွေချည်း ရှိမယ်လို့ ထင်ချင်စရာပါပဲ။ သို့သော်လည်း ဒီအမျိုးအစား စိတ်ထားရှိသူတွေက စိတ်ခံစားချက်တွေထက် အောင်မြင်မှုအပေါ်မှာပဲ အာရုံထားလွန်းတာကြောင့် အပေါင်းအသင်းတွေကို သိပ်အချိန်မပေးဖြစ်တာကြောင့် အနည်းနဲ့အများ ငြိုငြင်ခံရတတ်ပါတယ်။

အမျိုးအစား – ၄ (THE INDIVIDUALIST )

THE INDIVIDUALIST လို့ သတ်မှတ်ထားတာရတာက သူတို့က တခြားသူတွေနဲ့ မတူဘဲ အပြောအဆို၊ အပြုအမူ၊ ဝါသနာ၊ ဖက်ရှင်၊ စိတ်ဝင်စားတဲ့ အလုပ်အကိုင် စသဖြင့် တော်တော်များများ ကွဲပြားခြားနားနေတတ်ပါတယ်။ များသောအားဖြင့် တီထွင်ဖန်တီးနိုင်စွမ်း၊ အများနဲ့ မတူအောင် တွေးခေါ်နိုင်စွမ်းမြင့်ပြီးတော့ Introvert ဆန်ဆန် နေထိုင်တတ်ကြပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်းမြင့်တာကြောင့် စာပေ၊ ဂီတနဲ့ အနုပညာဘက်မှာ အားသာတတ်ကြပါတယ်။

အမျိုးအစား – ၅ (THE INVESTIGATOR )

မြန်မာလိုဆို ရှာဖွေစူးစမ်းသူလို့ အဓိပ္ပာယ်ကောက်လို့ရတဲ့ အမျိုးအစား ၅ စိတ်ထားပိုင်ရှင်တေွက ဉပမာပြောရရင် ရှားလော့ဟုမ်းလို လူစားမျိုးတွေပါ။ တော်တယ်။ စမတ်ကျတယ်။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်ပြီးတော့ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်တယ်။ အကြောင်းအရာတစ်ခုခုကို နက်နက်နဲနဲ တွေးခေါ်တတ်ပြီး များသောအားဖြင့် ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်ငြိမ်သက်သက်လေး နေတတ်ကြပါသေးတယ်။ ဗဟုသုတကြွယ်ဝတာကြောင့် ပြန်လည်တုံ့ပြန်တဲ့အခါတိုင်းမှာ ပညာသားပါပြီးတော့ မပြောခင်မှာလည်း သေချာစဉ်းစားလေ့ရှိတယ်။ မိမိတစ်ယောက်တည်း ရပ်တည်နိုင်စွမ်းလည်း ရှိကြတယ်။ ဒီလို စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ထားသူတွေ တော်တော်များများက သိပ္ပံဘာသာရပ်တွေမှာ ထူးခွျန်လေ့ရှိကြပါတယ်။

အမျိုးအစား – ၆ (THE LOYALIST )

THE LOYALIST တွေက သူတို့ရဲ့ ဘေးကင်းလုံခြုံမှုကို ဉီးစားပေးတတ်တဲ့အကျင့်ကြောင့် နာမည်ကြီးပါတယ်။ အမြဲတမ်း နိုးကြားဖျတ်လတ်နေတတ်ပြီး ကိစ္စတစ်ခုခုကို လုပ်ကိုင်တော့မယ်လို့ မဆုံးဖြတ်ခင်မှာ အဆင့်ပေါင်းများစွာ တွေးတောစဉ်းစားတတ်ကြပါတယ်။ အကယ်၍ မတော်တဆ ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူးဆိုရင်တောင်မှ ကိုယ့်ကို မထိခိုက်အောင် Back up plan တော်တော်များများကို ကြိုပြင်ထားလေ့ရှိပါတယ်။ တခြားသူတွေဆီကို ထောက်ပံ့မှုတို့ ချစ်ခင်မှုတို့ ရရှိတာကို ကြိုက်နှစ်သက်ကြပြီး သူတို့ စိတ်ချယုံကြည်တဲ့ လူတွေကို အလွန်အမင်း သစ္စာရှိတတ်ကြပါတယ်။ ငွေကြေးစီမံခန့်ခွဲတာတော်ပြီး သစ္စာရှိမှုကြောင့် ပေါင်းသင်းဆက်ဆံရေး အတော်လေး ကောင်းမွန်ကြပါတယ်။

အမျိုးအစား – ၇ (THE ENTHUSIAST )

ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ အမြဲတမ်း တက်ကြွနေပြီး ဘယ်သူနဲ့မဆို အဆင်ပြေပြီး တည့်အောင်ပေါင်းနိုင်တဲ့ Social butterflies လေးတွေက THE ENTHUSIAST ပဲပေါ့။ သူတို့က ဘယ်နေရာ ဘယ်ဒေသရောက်ရောက် အဆင်ပြေအောင် ပျော်အောင် နေတတ်ပြီးတော့ လူတွေနဲ့ တွေ့ရတာကြိုက်တဲ့ extrovert လေးတွေဆိုလည်း မမှားပါဘူး။ အပြင်သွားရတာကြိုက်တယ်။ ပေါ့ပေါ့ပါးပါးနေတတ်ပြီး စိတ်ဖိစီးမှုနည်းအောင်လည်း နေတတ်ကြပါသေးတယ်။ အာရုံပျံလွင့်လွယ်သူလေးတွေဖြစ်တာကြောင့် စာလုပ်ရတာတို့ တစ်နေရာတည်းမှာထိုင်ပြီး ကြာကြာအာရုံစိုက်ရတဲ့ အလုပ်တွေကို မကြိုက်တတ်ကြပါဘူး။ ဆုံးဖြတ်ချက်မြန်ပြီး အရာရာကို အကောင်းဘက်ကနေ တွေးတဲ့ စိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။

အမျိုးအစား – ၈ (THE CHALLENGER)

မြင်သာအောင် ပြောရရင် ကုမ္ပဏီတစ်ခုရဲ့ CEO တစ်ယောက်ရဲ့ စိတ်ထားမျိုးနဲ့ ဆင်တူပါတယ်။ စိတ်ဓာတ်ခိုင်မာတယ်။ ပြတ်သားတယ်။ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်တဲ့ အရည်အချင်းရှိတယ်။ သူတစ်ပါးအပေါ် လွှမ်းမိုးနိုင်တဲ့ သြဇာရှိပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ပုံစံ ပေါ်တယ်။ အမြဲတမ်း သန်မာနေတဲ့ပုံကိုသာ ချပြချင်ပြီး အားနည်းတယ်လို့ ထင်ခံရတာ သနားခံရတာတွေကို မကြိုက်ဘူး။ အနည်းငယ်လည်း ခေါင်းမာတတ်သေးတယ်။ သူ့ကို ကြည့်လိုက်ရင် အားအင်အပြည့်နဲ့ အမြဲတမ်းအလုပ်ရှုပ်နေတတ်တယ်။ ကိုယ့်ချစ်ရတဲ့သူတွေကိုလည်း ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အမြဲတမ်း ကာကွယ်ပေးတတ်ကြပါတယ်။

အမျိုးအစား – ၉ ( The Peace Maker )

နောက်ဆုံး အမျိုးအစားကတော့ အဖွဲ့ထဲက လူအေးလေးတွေပေါ့။ စိတ်အေးလက်အေးလေး နေရတာကိုပဲ နှစ်ခြိုက်ပြီး ငြင်းခုန်ရန်ဖြစ်တာတွေကို မကြိုက်ကြဘဲ တတ်နိုင်သလောက် ရှောင်လေ့ရှိကြတယ်။ Flow လေးအတိုင်း နေတတ်ပြီး သူတို့ကို ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုပြီး အတင်းအကြပ်လုပ်ခိုင်းတာတွေနဲ့ အဆင်ပြေလေ့ မရှိပါဘူး။ စိတ်ထားလေးတင် အေးအေးဆေးဆေးဖြစ်တာမဟုတ်ပါဘူး။ စကားအပြောအဆို၊ အမူအရာတွေကလည်း အေးအေးဆေးဆေး သိမ်သိမ်မွေ့မေွ့ ပြောဆိုပြုမူတတ်ကြပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေတတ်တဲ့ ပုံစံကြောင့်ပဲ လူတော်တော်များများနဲ့ အဆင်ပြေပြီး သဘောကျခြင်းလည်း ခံရတတ်ပါတယ်။ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကြားမှာဆိုရင် အမြဲတမ်း အကြံပေးသူပါပဲ။ ဘာလို့လဲဆိုတော့ ကိစ္စတိုင်းကို တည်တည်ငြိမ်ငြိမ် ခေါင်းအေးအေးနဲ့ ဆုံးဖြတ်တတ်ကြလို့ပါပဲ။

ကဲ ဒါဆို ကိုယ့်အကြောင်း ကိုယ်အသိဆုံးလို့ ထင်ရပေမယ့် တကယ်ရော ထင်ထားသလို သေချာသိရဲ့လား?
အပျော်သဘောနဲ့ပဲ ဖြစ်ဖြစ် Personality test ကိုစစ်ကြည့်ပါ
www.truity.com/test/enneagram-personality-test

မှန်တာ မမှန်တာ ၊ လက်ခံတာ လက်မခံတာ အသာထား၊ ဖြေနေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို အချိန်ယူဖြစ်တယ်လို တွေးပေါ့

Type ချင်း တူတဲ့သူတွေ ရှာတွေ့အောင်လို့ ဖြေပြီးတဲ့သူတွေက ကိုယ်ရတဲ့ type no. အကြောင်း ပြောသွားကြပါဦးနော်။