Special Needs Issues in Children

Special Needs Children

သားသမီးတိုင်းက မိဘတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။ မိဘနေရာရောက်လာတဲ့အခါ သားသမီးထက်အရေးကြီးတာဘာမှမရှိသလိုကိုခံစားရမှာ အမှန်ပါပဲ။ ပုံမှန်အခြေအနေမှာဆိုရင်တောင် ဒီလိုဆိုမှတော့ တကယ်လိုများ သားသမီးက အထူးဂရုစိုက်ရမယ့် ကလေးမျိုးလေးဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ဂရုဏာပိုပြီး အရိပ်တကြည့်ကြည့်လုပ်နေရမလဲနော်။

အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးဆိုတာ ဘယ်လိုမျိုးလဲ?

ကလေးတိုင်းကတော့ အထူးဂရုစိုက်စောင့်ရှောက်မှုကို မလိုအပ်ကြပါဘူး။ ဒါပေမယ့် ကလေးကမွေးလာကတည်းကရောဂါတစ်ခုခုကိုခံစားလာရမယ်။ ဒါမှမဟုတ် စိတ်ခံစားမှုပိုင်းမှာဖြစ်စေ၊ သင်ယူမှုအပိုင်းမှာဖြစ်စေ အားနည်းမှုရှိနေမယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အားနည်းမှုရှိနေမယ်ဆိုခဲ့ရင်တော့ ကလေးက အထူးဂရုစိုက်စောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ကလေးပါ။
ဉပမာပြောရရင် ကလေးက ဆီးချိုရောဂါ၊ အတက်ရောဂါ၊မွေးရာပါ နှလုံးရောဂါလိုမျိုး ကုသဖို့မလွယ်တဲ့ရောဂါတစ်ခုခုကိုခံစားနေရတာ၊ အမြင်အာရုံအားနည်းတာ၊ အကြားအာရုံအားနည်းတာ၊ စကားပြောဆိုမှုစွမ်းရည်အားနည်းတာတွေ၊ ဉာဏ်ရည်အားနည်းတာတွေအတွက် မိဘတေွအနေနဲ့ အထူးဂရုစိုက်စောင့်ရှောက်မှုပေးဖို့လိုအပ်မှာပါ။ ကလေးက အခြားကလေးတွေနည်းတူ မဖွံဖြိုးတာ၊ခြေလက်တွေမှာ ထိခိုက်မှုရှိနေခဲ့ရင်လည်း ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို အသေအချာဂရုစိုက်ပေးဖိုလိုအပ်ပါမယ်။

အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်မလဲ?

ဘဝဆိုတာကနေ့စဉ်နဲ့အမျှစိန်ခေါ်မှုအပြည့်ပါ။ သာမန်အခြေအနေနဲ့လူတွေအတွက်တောင် နေ့စဉ်ဘဝမှာ အဆင်မပြေတာတွေက အများသားပါ။ ဒီလိုအခြေအနေမျိုးမှာ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးတွေအတွက်ကဘယ်လောက်တောင်စိန်ခေါ်မှုတွေများလိုက်မလဲနော်။ ဒီလိုအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို မိဘတွေဘက်ကနေ အများကြီးကူညီဖေးမဖို့လိုမှာပါ။ ဒါမှ ကလေးက စိတ်ခွန်အားအပြည့်နဲ့နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းနိုင်မှာပါ။

  1. ကလေးကို ကျန်းမာရေးဂရုစိုက်ပါ – အခြားကလေးတွေထက် ကျန်းမာရေးကို ပိုဂရုစိုက်ပေးဖိုလိုပါမယ်။ ရာသီဥတုအခြေအနေအလိုက် ကလေးကို လိုအပ်မယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အမြဲမပြတ်လုပ်ဆောင်ပေးပါ။
  2. အိပ်စက်ချိန်ဂရုစိုက်ပါ – ကလေးကိုယ်ခံအားကောင်းစေဖိုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖိုအတွက်နေ့စဉ်ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိဖို လိုအပ်ပါမယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်ပုံမှန် အိပ်ချိန် ၈ နာရီရှိဖို ဂရုစိုက်ပါ။
  3. အာဟာရပြည့်ဝအောင် ကျွေးမွေးပါ – ကလေးကို အာဟာရဖြစ်စေမယ့် အစားအစာတွေကိုသေချာဂရုစိုက်ပြင်ဆင်ပေးပါ။ ကလေးက ဓာတ်မတည့်တဲ့ အစားအသောက်တွေရှိမယ်ဆိုရင်လည်း သေချာလေးဂရုစိုက်ပေးပါ။ နေ့စဉ်လုံလောက်ပြည့်ဝတဲ့ အာဟာရဓာတ်နဲ့ ရေဓာတ်ရရှိအောင် ဂရုစိုက်ပေးပါ။
  4. ကလေးကို သူငယ်ချင်းတွေရှိအောင် လုပ်ပေးပါ – ကလေးကလည်း အရွယ်ရောက်လာတာနဲ့အမျှ အတူကစားဖော်လိုအပ်မှာပါ။ ဒါကြောင့်ကလေးကို သူငယ်ချင်းတွေရှိအောင်လုပ်ပေးပါ။ သူငယ်ချင်းဆိုတဲ့နေရာမှာလည်း ကလေးအတွက် တကယ့်ကို အဆင်ပြေမယ့် သူငယ်ချင်းမျိုးဖြစ်ဖိုသေချာလေးဂရုစိုက်ပေးပါ။
  5. ကလေးကို အနိုင်ကျင့်မခံရအောင်ဂရုစိုက်ပါ – ကလေးကို ရွယ်တူကလေးတွေက အားနည်းချက်ကို စတာ၊နောက်တာမျိုး မဖြစ်စေဖို့နဲ့ ကလေးချင်းအနိုင်ကျင့်တာမျိုးမဖြစ်စေဖို့သေချာလေးဂရုစိုက်ပေးပါ။ ကလေးကို စိတ်ဒဏ်ရာရတာ၊ အထီးကျန်တာမျိုးမဖြစ်စေဖို့အတွက် ဒီအချက်လေးကို ဂရုစိုက်ပေးပါ။
  6. ကလေးကို စိတ်ရှည်ပါ – ကလေးတွေကိုဂရုစိုက်တဲ့အခါ စိတ်ရှည်ဖို့က အတော့်ကိုလိုအပ်တဲ့အချက်တစ်ခုပါ။ ကလေးကို စိတ်ရှည်ရှည်ထားဂရုစိုက်ပေးမှုက ကလေးကို စိတ်ခွန်အားရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစစအရာရာမှာ စိတ်ရှည်ရှည်လေးထားပေးပါနော်
  7. နားထောင်ပေးပါ – ကလေးရဲ့ တစ်နေ့တာအတွင်းတွေ့ကြုံခဲ့ရသမျှကို စိတ်ရှည်ရှည်ထားနားထောင်ပေးပါ။ လိုအပ်တာတွေကို အကြံပေးဆွေးနွေးပါ။ ကလေးတွေရဲ့ ရင်ဖွင့်စရာက မိဘတွေပဲရှိတာပါ။ သူတိုအတွက် အားကိုးရာကလည်း မိဘတွေပဲဆိုတော့ သူတို့လေးတွေပြောပြချင်တာလေးတွေကို စိတ်ရှည်ရှည်ထားပြီးနားထောင်ပေးဖို့လည်းမမေ့ပါနဲ့။
  8. ကလေးနဲ့အတူလျှောက်သွားပါ – ကလေးကိုခေါ်ပြီး ပန်းခြံ၊ ကစားကွင်းလိုမျိုးနေရာတွေကိုလျှောက်သွားပါ။ ဈေးဝယ်စင်တာလိုမျိုးနေရာတွေကိုခေါ်သွားပြီး ကလေးကို အသစ်အဆန်းတွေခံစားခွင့်ပေးလိုက်ပါ။
  9. လိုအပ်မယ့် အကူအညီရယူပါ – ကလေးကို အကောင်းဆုံးပျိုးထောင်ပေးချင်တယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဆရာ၊ဆရာမတွေရဲ့ အကူအညီကို ရယူပြီး ကလေးကို လိုအပ်မယ့် အရာလေးတွေကိုလုပ်ဆောင်ပေးလိုက်ပါ။

ဒီအချက်လေးတွေအတိုင်း ကလေးကို အကောင်းဆုံးပျိုးထောင်ပြီးနေ့ရက်တိုင်းမှာ အကောင်းဆုံးဖြတ်သန်းနိုင်အောင်ကူညီပေးလိုက်ပါ။