Depressionဆိုတာဘာလဲ?

Depression ဆိုတာ တိုက်ရိုက်ဘာသာပြန်ရရင် စိတ်ကျရောဂါပဲ ဖြစ်ပါတယ် လူတယောက်ရဲ့နေ့စဥ်လုပ်ငန်းဆောင်တာတွေ ၊ တွေးခေါ်မှုတွေ၊ အပြုအမူတွေကို ခက်ခဲအောင်နှောင့်ယှက်နေတဲ့ ရောဂါ တမျိုးဖြစ်ပါတယ်။

Depression ရဲ့လက္ခဏာတွေက ဘာတွေလဲ?
  • ဘာပဲလုပ်လုပ်စိတ်ပါဝင်စားမှုမရှိ တော့တာတွေ
  • နေ့တိုင်းနီးပါးစိတ်ညစ်စိတ်ဓာတ်ကျနေတာတွေ
  • သာမန်ထက်ပိုပြီးအိပ်တာ ဒါမှမဟုတ် အိပ်မပျော်တော့တာတွေ
  • သာမန်ထက်ပိုပြီးစားတာ ဒါမှမဟုတ် စားချင်စိတ်ကို မရှိတာတွေ
  • အရွယ်ရောက်သူတွေမှာဆို လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု မရှိတော့တာတွေ
  • မောပန်းနွမ်းနယ်ပြီး အားအင်ကုန်ခန်းနေသလို ခံစားရတာတွေ
  • အာရုံစိုက်ဖို့ ခက်ခဲတာတွေ
  • ကိုယ့်ကိုကိုယ် အပစ်တင် စိတ်တွေပဲ ဖြစ်ပေါ်လာတာ ကိုယ့်ကိုကိုယ်တန်ဖိုးမရှိတော့ဘူးလို့ခံစားရတာတွေ
  • ခါတိုင်းမှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ရောရောယှက်ယှက်နေတတ် ပေမဲ့ တယောက်တည်း ခွဲထွက်လာတာမျိုးတွေ ဘယ်သူနဲ့မှမတွေ့ချင် စကားမပြောချင် ဖြစ်တာမျိုးတွေ
  • အဆိုးဆုံးကတော့ မိမိကိုယ်ကို သတ် သေဖို့ ကြံစည်တာတွေ ကြိုးစားတာတွေ
    အစရှိသည်တို့ပဲ ဖြစ်ပါတယ်။

အထက်ပါ လက္ခဏာတွေကို အချိန်ကာလအားဖြင့် နှစ်ပတ်အထက်ခံစားနေရပြီ ဆိုရင်တော့ သတိပြုရတော့မှာ ဖြစ်ပါတယ် နီးစပ်ရာ ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်ဆီမှာ စစ်ဆေးမှုခံယူဖို့ အကြံပြုချင်ပါတယ်။

ဘယ်သူတွေဖြစ်တတ်လဲ?

အရွယ်သုံးပါး ဘယ်သူမဆိုဖြစ်တတ်ပါတယ် အံ့သြဖို့ကောင်းတာကတော့ စိတ်ကျ ေရာဂါကို နို့စို့ကလေးအရွယ်တွေမှာတောင် ဖြစ်တတ်ပါတယ်တဲ့လေ အကြောင်း ရင်းကတော့ ကလေးရဲ့မိဘတွေသေဆုံးသွားတာတိူ့ အဝေးရောက်သွားတာတို့ စွန့်ပစ်ခံရတာတို့ကြောင့် အာဟာရကျွေးတာတို့ ဆီးဝမ်း သွားတာတို့ကို ကူညီသန့်ရှင်း ပေးဖို့ အစ ရှိတဲ့ ကလေး တယောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ပြုလုပ်စောင့်ရှောက် ပေးမဲ့သူမရှိတော့တာကြောင့်ဖြစ်ပါတယ်
သူတို့ကိုဂရုစိုက်မဲ့သူရှိရင်တော့ မဖြစ်ပါဘူး စိတ်မကောင်းစရာအချက်ကတော့ ကလေးငယ်လေးတွေမှာ စိတ်ကျရောဂါ ရှိမရှိကို သိရဖို့ ခက်ခဲတာပါပဲ
အဲ့ဒီလိုကလေးဘဝအရွယ်မှာ ဖြစ်ခဲ့တယ်ဆိုရင် နောင်အရွယ်ရောက်လာတဲ့အခါမှာလည်း ပြန်ပေါ်လာတတ်ပြီး ရေရှည်စိတ်ကျရောဂါဖြစ်တတ်ပါသေးတယ်
သုတေသန တွေအရတော့ အသက် ၁၂နှစ်ကနေ ၁၇ နှစ်အထိ အရွယ်တွေမှာ စိတ်ကျရောဂါ အဖြစ်များဆုံးဖြစ်ပါတယ်တဲ့ အထူးသဖြင့် ဘဝရဲ့ ပြောင်းလဲမှုကြီးကြီးမားမား ကြုံတွေ့ရတဲ့အချိန် တွေမှာလည်းဖြစ်တတ်ပါတယ် (ဥပမာ – တက္ကသိုလ်စတက်ရတာ ကျောင်းပြီးကာစ လုပ်ငန်းခွင်စဝင်ရတာ ပင်စင်ယူပြီးတာ စသဖြင့် ပေါ့ )။ နောက်ပြီး စိတ်ကျရောဂါက အမျိုးသားများထက် အမျိုးသမီးတွေမှာ ဖြစ်ပွားမှု နှစ်ဆတောင်ရှိ ပါတယ်
WHO အရဆိုရင် ကမ္ဘာပေါ်မှာ စိတ်ကျရောဂါခံစားနေရသူ 264 သန်းတောင်ရှိပါတယ်။

ဘာကြောင့်ဖြစ်ကြသလဲ ?

စိတ်ကျရောဂါက တကယ်တမ်းပြောရမယ်ဆိုရင် ရှုပ်ထွေးတဲ့ရောဂါတခုပါပဲ ဘာ့ကြောင့် စိတ်ကျရောဂါဖြစ်တတ်လဲ ဆိုပြီး အတိအကျ ပြောပြလို့မရပေမဲ့ ဖြစ်စေတဲ့ ယေဘုယျအကြောင်းအရင်းတွေကတော့ – ကိုယ်ချစ်တဲ့ သူတွေဆုံးရှုံးတာ (သူငယ်ချင်း ဒါမှမဟုတ်မိသားစုဝင်တွေ သေဆုံးတာတို့ ချစ်သူရည်းစားတွေလမ်းခွဲတာ လင်မယားကွာရှင်းတာ စသဖြင့်ပေါ့ ) ၊ အလုပ်အကိုင်အဆင်မပြေတာ ( အလုပ်ပြုတ်တာ ဒါမှမဟုတ် လုပ်ငန်းဆုံးရှုံး တာမျိုး ) ၊
စိတ်ဖိစီးမှု (stress) ကိုရေရှည်ခံစားနေရတာ ၊ ဘဝရဲ့ အချိုးအကွေ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာ၊ နာကျင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ပြီး စိတ်ဒဏ်ရာ (trauma ) ရလာတာ၊ မူးယစ်ဆေးဝါး နဲ့ အရက်သေစာတွေ သုံးစွဲ တာ ၊ ရောဂါဝေဒနာ တခုခုကိုခံစားရတာ ဒါမှမဟုတ် ကိုယ်ခန္ဓာ အစိတ်အပိုင်းတခုခု ဆုံးရှုံးသွားတာ၊ ကျန်းမာရေးအခြေအနေကြောင့် သောက်ရတဲ့ ဆေးတွေ ကြောင့် လည်း ဖြစ်စေပါတယ်။ တခါတရံ ဟောမုန်းကြောင့်လည်း ဖြစ်စေပါတယ် ဒါ့ကြောင့်မို့လို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ကျရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ ဆိုကြခြင်းဖြစ်ပါတယ်တဲ့ ။ နောက်ပြီး စိတ်ကျရောဂါဟာလည်း မျိုးရိုးလိုက်တတ်ပါတယ် ။ တချို့ပညာရှင်တွေက ကတော့ စိတ်ကျရောဂါ ခံစားရတဲ့သူတွေက ဦးနှောက် အစိတ်အပိုင်းတွေဟာ သာမန်လူတွေနဲ့ မတူညီတာကြောင့် ဦးနှောက် ဖွဲ့စည်းပုံနဲ့လည်း သက်ဆိုင်တယ်လို့ လည်းဆိုကြပါသေးတယ် ။

သူ့ရဲ့အကျိုးဆက်တွေက ဘာတွေဖြစ်မလဲ?

Depression ရောဂါဟာ အဖြစ်များပေမဲ့ အတော့်ကိုလည်း ကြောက်စရာကောင်းတဲ့ရောဂါတခုဖြစ်ပါတယ် မိမိကိုယ်ကိုသတ်သေစေနိုင်တဲ့အထိ ဖြစ်တာမို့ သတိထားရမဲ့ ရောဂါပါပဲ ဒါ့အပြင့် စိတ်ကျရောဂါဟာ အခြားရုပ်ပိုင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ တို့နဲ့လည်း ဆက်စပ်ပါသေးတယ်။
စိတ်ကျရောဂါကြောင့် ဦးနှောက်အစိတ်အပိုင်းကိုလည်းထိခိုက်စေပြီး မှတ်ညဏ်အားနည်းလာတာ ၊ အာရုံစိုက်မရတော့တာတွေဖြစ်ပေါ်လာစေပါတယ် ။ ရေရှည်စိတ်ကျရောဂါ ခံစားရမယ်ဆိုရင် ဦးနှောက် အရွယ်အစားတောင် ကျုံ့သွားတတ်တယ်လို့ သုတေတနအချို့မှာတွေ့ရှိထားပါတယ် ။

ဘယ်လိုကုသရမလဲ ?

စိတ်ကျ ရောဂါကို google မှာ test တွေရှာပြီး အလွယ်တကူစစ်ဆေးလို့မရပါဘူး နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေဆီမှာပဲ စစ်ဆေးဖို့ သတိပေးချင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာရောဂါတွေလိုပဲ စိတ်ကျရောဂါမှာလည်း အပျော့စား၊ အလယ်အလတ်နဲ့ ပြင်းထန်တဲ့ အခြေအနေတွေ ရှိပါသေးတယ်။
Depression ခံစားနေရပြီဆိုတာစစ်ဆေးမှုတွေအရ သေချာပြီဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေ သောက်သုံးရပါမယ်။
အပျော့စားအခြေအနေဆိုရင်တော့ စိတ်ပညာရှင် ဒါမှ မဟုတ် counsellor ဆီမှာ သွားရောက်ဆွေးနွေး လို့ ရပါတယ် တရားထိုင်ခြင်း Yoga ကျင့်ခြင်းတို့ဟာလည်း စိတ်ကျရောဂါကို သက်သာစေပါတယ်။

အားလုံးပဲ စိတ်ကျရောဂါကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။