Delusional Disorder

Delusion ဆိုတာ ဘာလဲ?

Delusion ဆိုတာကတော့ တစ်ခုခုကို မှားယွင်းပြီး ထင်ယောင်ထင်မှား ယုံကြည်နေတတ်တဲ့ အတွေးအခေါ်နဲ့ စိတ်ခံစားချက်ဆိုင်ရာ ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ သူတိုရဲ့ ထင်ယောင်ထင်မှား ယုံကြည်ထားတဲ့ ယုံကြည်ချက်တစ်ခုကို အကျိုးသင့်အကြောင်းသင့်၊ နည်းလမ်းကျကျ ရှင်းပြလည်း လုံးဝလက်မခံဘဲ ဇွတ်ယုံကြည်နေတာမျိုးဖြစ်ပါတယ်။

Delusional disorder, Schizophrenia (စိတ်ကစဉ့်ကလျားဖြစ်သော ရောဂါ) ၊ bipolar disorder (စိတ်အတက်အကျ မမှန်သောရောဂါ)၊ depression (စိတ်ကျရောဂါ) စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အခြားသော ကျန်းမာရေးအခြေအနေတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ယုံကြည်ရတဲ့ အချက်လေးတွေ၊ ယုံကြည်ရာတွေ ရှိပါတယ်။ အဲဒီယုံကြည်ချက်တိုင်းကို delusionလိုမခေါ်ပါဘူး။

ယုံကြည်ချက်တွေက fixed and False ဖြစ်နေပြီး အကျိုးကြောင်း၊ အချက်အလက် ဆီလျော်အောင် အချိန်ပေးပြီး ရှင်းပြ၊ ပြုပြင်ပေးတာတောင် မပြောင်းလဲဘဲ ဆက်ပြီး တည်ရှိနေမယ်ဆိုရင်တော့ အဲဒီလို အခြေအနေမျိုးကို delusion လိုခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အတွေ့ရများတဲ့ delusionအမျိုးအစားလေးတွေအကြောင်းကို အနည်းငယ် မျှဝေပေးသွားမှာပါ။

Persecutory Delusion

ဒီdelusion အမျိုးအစားကတော့ သူ့ကို တစ်စုံတစ်ယောက် (သို့) အဖွဲအစည်းတစ်ခုခု က လိုက်ပြီး ခြိမ်းခြောက်နှောင့်ယှက်နေတယ်လို ထင်ယောင်ထင်မှားဖြစ်နေတာမျိုးပါ။

Delusion of Ghost

ဒီdelusion အမျိုးအစားကတော့ မိန်းကလေးတွေမှာ အဖြစ်များမယ်လို့ ထင်ပါတယ်။ အခန်းထဲက နံရံတွေပေါ်မှာ ကိုယ်ကြိုက်တဲ့ မင်းသားတွေ အဆိုတော်ပုံတွေ ချိတ်ထားတတ်တဲ့သူတွေရယ် အိပ်ရာပေါ် အရုပ်ပေါင်း သောင်းခြောက်ထောင်ထားပြီး အိပ်တတ်တဲ့ သူတွေများတတ်လို့ပါ။ ညဘက်အိပ်ရာဝင်ချိန် သို့မဟုတ် အခန်းထဲ ကိုယ်တစ်ယောက်တည်း ရှိနေချိန်ကျရင် သူတိုတွေက အသက်များရှိနေသလား။ ငါ့ကိုများ စိုက်ကြည့်နေသလားဆိုပြီး ထင်ယောင်ထင်မှား ဖြစ်တတ်တာမျိုးပါ။ ဘယ်သူမှ ရှိမနေကြောင်း အရုပ်တွေဟာ အရုပ်သာဖြစ်ကြောင်း ရှင်းပြပေးမယ့်လည်း နားမဝင်ဘဲ ကြောက်ရွံနေတတ်ကြပါသေးတယ်။ ဒီအချက်ကတော့ စိတ်ပညာဗဟုသုတနည်းပါးတာကြောင့်တင် မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ အရိုးစွဲနေတဲ့ ယုံကြည်မှုအမှားတွေရဲ့ လွှမ်းမိုးမှုကြောင့်လို ပြောရင်လည်း မမှားပါဘူး။

Delusion of Guilt

ဒီလိုdelusion ပုံစံမျိုးကတော့ depression လိုခေါ်တဲ့ စိတ်ကျဝေဒနာ ဖြစ်နေတဲ့ သူတွေမှာ အဖြစ်များပါတယ်။ ဒီလက္ခဏာ ခံစားနေရတဲ့သူဟာ သူ့ကိုယ်သူ အရမ်းဆိုးရွားတဲ့ ပြစ်မှုတစ်ခုခုလုပ်ထားတယ်၊ သူက အပြစ်ရှိတယ်၊ ပြစ်ဒဏ်ခံယူထိုက်တယ် စသည်ဖြင့် မိမိကိုယ်ကို အမြဲ အပြစ်ရှိတယ်ဆိုပြီး ထင်နေတာမျိုးပါ။ သူ့ကို အပြစ်မရှိကြောင်း ချက်ကျလက်ကျ ရှင်းပြမယ်ဆိုရင်လည်း သူ့ယုံကြည်ချက်က မပျောက်သွားနိုင်ပါဘူး။

Delusion of Poverty

ဒီdelusion ကတော့ သူ့မှာ ဘယ်လောက် ပိုက်ဆံတွေရှိရှိ ဆင်းရဲနေတယ်၊ မွဲနေတယ်၊ ငါဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးလူသားတစ်ယောက်ပဲ ဆိုပြီး ထင်နေတာမျိုးပါ။ သူပိုင်ဆိုင်တဲ့ အချက်အလက်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြပြီး ရှင်းပြလည်း သူဆင်းရဲတယ်လိုပဲ ယုံကြည်နေတဲ့ ပုံစံမျိုးပါ။

Grandiose Delusion (Delusion of Grandeur)

Delusion of Grandeur ကတော့ ကိုယ့်ကိုကိုယ် အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့သူလို အထင်မှားနေတာမျိုးဖြစ်ပါတယ်။ သူဟာ super power ရှိတယ်၊ လူတိုင်းက သူ့ကို လေးစားနေတယ် စသည်ဖြင့် အရမ်းကို ကြီးမြတ်တဲ့သူအဖြစ် ကိုယ့်ကိုကိုယ်မြင်နေတာ ဖြစ်ပါတယ်။

Hypochondriacal Delusion

ကိုယ့်ဆီမှာ သေနိုင်လောက်တဲ့ ရောဂါတစ်ခုခု ဖြစ်နေတယ်ဆိုပြီး ယုံကြည်နေတာမျိုးကိုတော့ Hypochondriacal delusionလို့ခေါ်ပါတယ်။ ဆရာဝန်ကိုယ်တိုင် အထောက်အထားပြပြီး ရှင်းပြလည်း သူ့ယုံကြည်မှုက မပျက်သွားနိုင်ပါဘူး။

Delusion of Jealousy

Jealousy ဆိုတဲ့အတိုင်း မနာလို ဝန်တိုတဲ့ သဘောဖြစ်ပြီး ကိုယ့်ရဲ့ ယောကျ်ား(သို) မိန်းမ(သို) ချစ်သူရည်းစားက ကိုယ့်အပေါ် သစ္စာမရှိဘူး၊ ဖောက်ပြန်နေတယ်လို တစ်သတ်မှတ်တည်း ယုံကြည်နေတာမျိုးပါ။

Delusion of Control

ဒီလို delusionပုံစံမျိုးက schizophrenia လိုခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါမှာ တွေ့ရတတ်ပါတယ်။ သူကတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ အားလုံးဟာ အထက်ဂိုဏ်းကနေ စေခိုင်းတာ၊ တစ်စုံတစ်ယောက်က သူ့ကို ကြိုးကိုင်စေခိုင်းနေတာ လို ထင်ယောင်ထင်မှား ယုံကြည်နေတဲ့ အမျိုးအစားဖြစ်ပါတယ်။

Nihilistic Delusion

ဒါကတော့ ကိုယ့်ကိုကိုယ်သေသွားပြီ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေလည်း မရှိတော့ဘဲ အရာအားလုံး ရပ်တန့်သွားပြီလို့ထင်နေတာမျိုးပါ။

Mixed delusion

Mixed ကတော့ တစ်ခုတည်းကို မှားယွင်း ယုံကြည်နေတာမျိုးမဟုတ်ဘဲ ဖော်ပြပါ delusion အမျိုးအစားတွေ ရောပြီးဖြစ်နေတဲ့ အရော အမျိုးအစားဖြစ်ပါတယ်။

Delusion က ဘယ်လိုလူတွေမှာ အဖြစ်များလဲ?

ကမ္ဘာမှာ လူ အယောက် ၁၀၀မှာ ၁ ယောက်တွေ့နိုင်ပါတယ်။ ဘယ်လူမျိုးမှာ ပိုဖြစ်တယ်လို မရှိပါ၊ ဖြစ်တတ်တဲ့ အသက်ကတော့ ၁၅ နှစ်ကနေ ၅၄ နှစ်အတွင်း ဖြစ်နိုင်ပါတယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေ ထက် နည်းနည်း ပို အဖြစ်များပါတယ်။ ယောက်ျားလေးတွေက အသက်ငယ်ငယ်က ပိုဖြစ်တတ်တယ်၊ ရောဂါ ခံစားတဲ့ အချိန်ပိုများသွားတာပေါ့။ ဆယ်ကျော်သက် အရွယ်မှာလည်း စဖြစ်တတ်တာမို့ အသိရှိထားဖို့ လိုပါတယ်။ အပေါင်း အသင်းတွေ ဆီကနေ ရှောင်ခြင်း၊ စာမေးပွဲ အဆင့်တွေ ထိုးကျခြင်း၊ အိပ်ပျက်ခြင်း၊ စိတ်တိုခြင်း စတာတွေ နဲ့ စ လက္ခဏာပြတတ်ပါတယ်။

ဒီလို delusionလက္ခဏာကို ခံစားနေရတဲ့သူတွေဟာ အဲဒီ ယုံကြည်နေတဲ့ အချက်ကလွဲရင် အခြားနေရာတွေမှာ လူကောင်းပကတိအနေနဲ့လည်း ရှိနေနိုင်ပါတယ်။ စိတ်ဝေဒနာနဲ့ ရောဂါတစ်ခုခုကြောင့်ဆိုရင်တော့ အခြားရောဂါ လက္ခဏာတွေနဲ့ တွဲပြီးရှိနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဝေဒနာရှိတဲ့ သူတွေဟာ ကုသမှုခံယူမယ်ဆို လူကောင်းပြန်ဖြစ်နိုင်ပြီး ကုသမှုမခံယူဘဲ ပေါ့ဆနေမယ်ဆိုရင် အသက်အန္တရာယ်ထိဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် delusionဖြစ်နေတဲ့ သူတစ်ယောက်ကတော့ သူ့ယုံကြည်ချက်တွေက မှားတယ်၊ ပြသနာရှိတယ်လိုလည်း မထင်တာကြောင့် ဆေးကုသဖို ခံယူဖိုစဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလို အဖြစ်များတဲ့ delusionအမျိုးအစားတွေကို သိထားပြီး တစ်စုံတစ်ယောက်မှာ တွေ့ရတဲ့အခါ အမြန်ဆုံး စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို ကူညီဆောင်ရွက်ပေးကြပါစို့နော်။