အတွေ့ရများတဲ့ စိတ်ဒဏ်ရာကို တုံ့ပြန်တဲ့ပုံတွေနဲ့ ငယ်ဘဝရဲ့ ဆက်စပ်မှု

Trauma လို့ခေါ်တဲ့ စိတ်ဒဏ်ရာအများစုဟာ များသောအားဖြင့် ကလေးဘဝအရွယ်မှာ အခြေတည်တာများပါတယ်။ ဒါ့အပြင် ကြုံတွေ့ခဲ့ရတဲ့ မိဘအုပ်ထိန်းမှုပုံစံ၊ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အနေအထား စတာတွေပေါ်မူတည်ပြီး စိတ်ဒဏ်ရာတွေကို တုံ့ပြန်တဲ့ အပြုအမူတွေဟာ မတူညီကြပါဘူး။

ဒါ့ကြောင့် ဒီနေ့မှာတော့ တွေ့ရများတဲ့ တုံ့ပြန်မှုတွေဖြစ်တဲ့-
1. Freeze Response
2. Flight Response
3. Fight Response
4. Fawn Response စတဲ့ စိတ်ဒဏ်ရာ တုံ့ပြန်မှုပုံစံ (၄)မျိုးအကြောင်းနဲ့ ငယ်ဘဝဆက်စပ်နေပုံ​တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ ဖြစ်တတ်တဲ့ ပုံစံလေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🟥 Freeze Responseလို့ခေါ်တဲ့ ထုံထိုင်းမှင်သက်သွားတဲ့ တုံ့ပြန်မှုဟာဆိုရင် ကလေးဘဝအရွယ်မှာ မိဘတွေဆီက စိတ်ဝင်စားမှုမရရှိဘဲ လုံးဝအကူအညီမဲ့ပြီး ရှင်သန်ခဲ့ရခြင်း၊ ဒါမှမဟုတ် အချိန်ကြာမြင့်စွာ အထီးကျန်ဆန်ခဲ့ရခြင်း စတာတွေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

☑️ Freeze Response ရှိတဲ့သူတွေဟာ ဒီလို အထီးကျန်မှုတွေ၊ အနိုင်ကျင့်မှုတွေကို ခံခဲ့ရတာကြောင့် ကိစ္စတစ်ခုကြုံတဲ့အခါ ထူးဆန်းတဲ့ စိတ်ကူးယဉ်အတွေးတွေတွေးခြင်း၊ ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေကို Numb လို့ခေါ်တဲ့ စိတ်ခံစားချက် ထုံထိုင်းသွားတဲ့အခြေအနေနဲ့ တုံ့ပြန်ခြင်း၊ လူတွေကို ရှောင်ဖယ်လာခြင်းနဲ့ အထီးကျန်စွာနေခြင်း စတဲ့ အခြေအနေတွေနဲ့ စိတ်လုံခြုံဘေးကင်းဖို့ ဖန်တီးနေထိုင်တတ်ကြပါတယ်။

⚠️လူမှုဆက်ဆံရေးတွေမှာဆိုရင်လဲ ဒီFreeze Responseရှိတဲ့သူတွေဟာ တင်းကျပ်သောတွေးခေါ်မှုပုံစံ ရှိခြင်း၊ မိမိကိုယ်ကို ဝေဖန်မှု မြင့်ခြင်း၊ စိတ်ခံစားမှုတွေကို ချမပြခြင်း နဲ့ လုံးဝပိတ်ချထားခြင်း စတာတွေ​ ပြုလုပ်လေ့ရှိတာကြောင့် အခက်အခဲဖြစ်နိုင်ပါတယ်။

🟥 Flight Response လို့ ခေါ်တဲ့ စိတ်ဒဏ်ရာကို ရှောင်ပြေးတဲ့အပြုအမူရှိသူတွေဟာ ငယ်စဉ်ဘဝမှာ အုပ်ထိန်းသူတွေနဲ့ ရင်းနှီးစွာ မနေခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာချို့တဲ့ခြင်းတွေ ကြုံခဲ့ရနိုင်တဲ့အပြင် စကားလုံးတွေနဲ့ နှိပ်စက်ခံရခြင်း ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်း၊ အကြီးအကျယ် အရှက်ကွဲခဲ့ရခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

☑️ ဒါ့ကြောင့် Flight Response ရှိသူတွေဟာ စိတ်ဒဏ်ရာတွေကို မခံစားရအောင် တုံ့ပြန်တဲ့အခါ စင်းလုံးချောပြည့်စုံမှု (Perfectionism)နဲ့ အောင်မြင်မှုရရှိစေဖို့ စိတ်နှစ်ထားခြင်း၊ အစွဲကြီးတဲ့ အတွေးတွေဖြစ်တဲ့ Obsessive Thinkingတွေ တွေးခြင်း၊ Adrenaline လို့ခေါ်တဲ့ ဟော်မုန်းနဲ့ အာရုံကြောဓာတ်ကို ထိန်းခြင်း၊ အလုပ်များအောင် တစ်ခုမဟုတ် တစ်ခု ဖန်တီးယူခြင်း စတာတွေနဲ့ စိတ်လုံခြုံဘေးကင်းအောင် ဖန်တီးတတ်ကြပါတယ်။

⚠️လူမှုဆက်ဆံရေးမှာဆိုရင်လဲ ရင်းနှီးမှုကိုကြောက်ရွံ့ခြင်းနဲ့ အခြားသူတွေနဲ့ မရင်းနှီးအောင် ရှောင်ဖယ်ခြင်း စတာတွေ ပြုလုပ်လေ့ရှိတာကြောင့် အခက်အခဲရှိနိုင်ပါတယ်။

🟥 Fight Resopnse ဖြစ်တဲ့ စိတ်ဒဏ်ရာကို ခုခံတိုက်ခိုက်တဲ့ တုံ့ပြန်မှုဟာ ငယ်စဉ်ဘဝမှာ စည်းဘောင်(Boundaries) မရရှိခြင်း၊ limit မရရှိခြင်း ၊ လုံးဝပြီးပြည့်စုံပြီး တင်းကျပ်တဲ့ စံနှုန်းတွေနဲ့ အုပ်ချုပ်ခံရခြင်း၊ Narcissistic ပုံစံရှိတဲ့ အုပ်ထိန်းမှုကို ခံခဲ့ရခြင်း စတာတွေကြောင့် ဖြစ်လာရခြင်း ဖြစ်ပါတယ်။

☑️ ဒါကြောင့် စိတ်ဒဏ်ရာတွေကနေ သက်သာစေဖို့အတွက် အခြားသူတွေအပေါ် ဩဇာအာဏာနဲ့ ထိန်းချုပ်ထားပြီး တစ်ဖက်လူဆီကနေ ပြီးပြည့်စုံမှုကို မျှော်လင့်ပြီးနေထိုင်တတ်ကြပါတယ်။

⚠️လူမှုဆက်ဆံရေးတွေမှာဆိုရင် တောင်းဆိုမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တတ်တဲ့အပြုအမူတွေရှိခြင်း၊ စိတ်မြန်ခြင်း၊ ကိုယ်ချင်းစာစိတ်နည်းပါးခြင်း စတာတွေကြောင့် အခက်အခဲတွေ့နိုင်ပါတယ်။

🟥 Fawn Response လို့ခေါ်တဲ့ တစ်ဖက်လူအလိုကျ တုံ့ပြန်မှုပုံစံကတော့ ငယ်စဉ်ဘဝမှာ မိဘတွေဆီကနေ အကန့်အသတ်နဲ့ ချစ်ခံရခြင်း( ဥပမာ အဆင့်၁ရမှ ချစ်မယ် စသဖြင့်)၊ လိုက်နာမှုပေါ် မူတည်ပြီး ပြုစုပျိုးထောင်ခံရခြင်း၊ Narcissistic ပုံစံရှိတဲ့ မိဘတွေဆီမှာ ကျေးကျွန်ကဲ့သို့ နေခဲ့ရခြင်း၊ သူတို့ စိတ်ခံစားမှုအခြေအနေတွေကို မထိန်းချုပ်နိုင်တဲ့ မိဘတွေနဲ့နေခဲ့ရခြင်း စတာတွေကြောင့် ဖြစ်လာရခြင်း ဖြစ်ပါတယ်။

☑️ ဒါ့ကြောင့် သူတို့ဟာ တစ်ဖက်လူနဲ့ ပဋိပက္ခဖြစ်မှာကို ရှောင်ကြဥ္ပြီး လူတွေသဘောကျတဲ့ ပုံစံနဲ့ နေထိုင်ခြင်း၊ ကယ်တင်ရှင် ၊ မေတ္တာရှင် ကဲ့သို့သော Roleများ ခံယူပြီး နေထိုင်ခြင်း စတဲ့ပုံစံတွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကာကွယ်တတ်ကြပါတယ်။

⚠️လူမှုဆက်ဆံရေးတွေမှာဆိုရင်တော့ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုမရှိခြင်း၊ စိတ်အားထက်သန်မှုမရှိခြင်း၊ ကိုယ့်လိုအပ်ချက်တွေကို မသိရှိခြင်း၊ တစ်ခြားသူတွေ ပျော်ဖို့ အဆင်ပြေဖို့ပဲ ကြိုးစားနေတာကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်စည်းဘောင်တွေနဲ့ လွတ်လပ်ခွင့်တွေ၊ အခွင့်အရေးတွေ ပျောက်ဆုံးကုန်ခြင်း စတာတွေကြုံတွေ့ရတာကြောင့် ခက်ခဲနိုင်ပါတယ်။