Mind-Body Map စိတ်ခံစားချက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ / စိတ်ခံစားမှုပြ ကိုယ်ခန္ဓာမြေပုံ

စိတ်သည် လောကကို ဆောင်၏” ဆိုတဲ့ စကားအတိုင်း ကျွန်မတို့ ခံစားလိုက်တဲ့ စိတ်ခံစားချက်တွေဟာလည်း ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ ပျော်ရွှင်မှုကို ခံစားနေရတဲ့သူဟာ ပေါ့ပါးလန်းဆန်းသလို ဖြစ်နေပြီး ဝမ်းနည်းမှုကို ခံစားနေရသူကတော့ ထိုင်းမှိုင်းပြီး ရင်ဘတ်မှာ တစ်ဆို့နေသလို ခံစားရတတ်ကြပါတယ်။

Finland နိုင်ငံက သုတေသီတချို့ဟာ စိတ်ခံစားချက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ခန္ဓာကိုယ်ရဲ့တုံ့ပြန်ပြောင်းလဲမှုတွေကို Swedenနိုင်ငံ၊ Finlandနိုင်ငံနဲ့ Taiwanနိုင်ငံက ပါဝင်သူ လူပေါင်း(၇၀၁)ယောက်နဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စိတ်ခံစားချက်တွေကို ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာပါ လိုက်ပြီး လှုပ်ရှားမှု အတိုး အလျော့ ခံစားရတဲ့ နေရာတွေကို အရောင်ခြယ်ခိုင်းတဲ့ စမ်းသပ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်မှာ ပါဝင်စမ်းသပ်ခံသူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို တုံ့ပြန်တဲ့ တုံ့ပြန်မှုတွေကို စကားဖြင့်ဖွင့်ဟပြောပြကြမဲ့အစား ခံစားချက်တွေကြောင့် ဖြစ်ပေါ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကို အလွတ်ဆွဲထားတဲ့ ခန္ဓာကိုယ်ပုံတစ်ခုမှာ အရောင်ခြယ်ပြီး ပြောပြကြရပါတယ်။ လွယ်လွယ်ပြောရရင် ခန္ဓာကိုယ်မှာ ခံစားရတဲ့ ခံစားချက်တွေကြောင့် တုံ့ပြန်လှုပ်ရှားမှုတွေ ဖြစ်သွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အရောင်ခြယ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်အရ ခံစားချက်တွေကြောင့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံတွေ မတူညီကြောင်း တွေ့ရှိရပါတယ်။ ဘာတွေလဲဆိုတော့-

  • ဒေါသဖြစ်တဲ့ခံစားချက်တွေ ဝင်နေတဲ့အခါမှာဆိုရင် လည်ပင်းနာခြင်း၊ လက်၊ ပုခုံးနဲ့လက်မောင်းကြွက်သားများ တင်းမာခြင်း၊ ခေါင်းကိုက်ခြင်း၊ နားထင်ရှိသွေးကြောများ လှုပ်ခြင်း၊ မေးရိုးများ ထောင်လာခြင်း၊ မျက်နှာထူပူလာခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
  • ကြောက်ရွံ့တဲ့ခံစားချက် ဖြစ်ပေါ်နေတဲ့အခါမှာဆိုရင်တော့ ဗိုက်နာခြင်း၊ မူးဝေခြင်း၊ ခန္ဓာကိုယ်လေးလံခြင်း၊ အသက်ရူကြပ်ခြင်း/မြန်ခြင်း၊ မျက်လုံးနဲ့ ပါးစပ်တစ်ဝိုက် တင်းမာလာခြင်း၊ အာခေါင်ခြောက်ခြင်း စတာတွေကို ခန္ဓာကိုယ်မှာ ခံစားရနိုင်ပါတယ်။
  • ဝမ်းနည်းမှုကို ခံစားနေရတဲ့အခါမှာ ဆိုရင်တော့ လည်ချောင်းထဲမှာ တစ်ဆို့ခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ Empty Stomachဖြစ်ခြင်း၊ နှုတ်ခမ်းများတင်းတင်းစေ့ထားမိခြင်း၊ မျက်ရည်ကျခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
  • ပျော်ရွှင်မှုဟာတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ​လှုပ်ရှားစေတဲ့ တစ်ခုတည်းသောခံစားချက်ပဲ ဖြစ်ပါတယ်။ ​ပျော်ရွှင်ခြင်းကို ခံစားရတဲ့အခါ ခေါင်းကနေခြေထောက်အထိ သွက်လက်စွာ လှုပ်ရှားနိုင်ပြီး အားပြည့်နေတဲ့ ခံစားချက်မျိုးကို ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ကျွန်မတို့အများစုဟာ ခံစားချက်တွေက ခေါင်းထဲမှာ ရှိနေတယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ ခံစားချက်တွေကို ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းထားတာ​ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို Body Mapနဲ့ ကြည့်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတော့ –

  • လတ်တလော ခံစားခဲ့ရတဲ့ မတူညီတဲ့ စိတ်ခံစားချက် ၃ခု၅ခုလောက်ကို ခွဲခြားသတ်မှတ်ပါ။
  • ပြီးရင် စိတ်ခံစားချက်တစ်ခုခံစားရတိုင်း ​ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတဲ့ လှုပ်ရှားမှုတွေ၊ ခံစားမှုတွေကို ရှာဖွေပါ။
  • အရောင်တွေ၊ သင်္ကေတတွေ ဒါမှမဟုတ် Abstract Artကို အသုံးပြုပြီး ခန္ဓာကိုယ်ပုံပေါ်မှာ စိတ်ခံစားချက်တစ်ခုစီအတွက် ခံစားရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ရေးခြယ်ပါ။

ဒါဆိုရင်တော့ ကိုယ့်ရဲ့ Body Map ရရှိပြီပဲ ဖြစ်ပါတယ်