အမွေရတတ်တဲ့ စိတ်ဒဏ်ရာ (Generational Trauma)

🔵ကျွန်မတို့တွေဟာ မိဘဘိုးဘွားတွေဆီကနေတဆင့် အမွေအနှစ်တွေ၊ မျိုးရိုးဗီဇအခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်တွေ စတဲ့ အရာများစွာကို အမွေအဖြစ် လက်ခံရရှိလေ့ ရှိကြပါတယ်။ Traumaလို့ခေါ်တဲ့ စိတ်ဒဏ်သင့်မှုဟာလဲ မိဘဘိုးဘွားတွေဆီကနေတဆင့် မျိုးဆက်တွေဆီကို အမွေအဖြစ် လက်ဆင့်ကမ်းပြီး အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို Generational Trauma (Intergenerational Trauma) လို့ ခေါ်ပါတယ်။

🔵Generational Trauma ဆိုတာကတော့ ကာယကံရှင်တစ်ယောက်တည်း ခံစားရတာမဟုတ်ဘဲနဲ့ နောက်ထပ်မျိုးဆက်တွေထိပါ ဆက်လက်ခံစားရနိုင်တဲ့ စိတ်ဒဏ်ရာအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီမျိုးရိုးစဉ်ဆက်စိတ်ဒဏ်ရာ ခံစားရသူတွေဟာ အရင်မျိုးဆက်တွေခံစားခဲ့ရတဲ့ လက္ခဏာတွေ၊ တုံ့ပြန်မှု ပုံစံတွေ၊ စိတ်ခံစားချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို ခံစားရနိုင်ပါတယ်။

🔵 ပုံမှန်အားဖြင့် စိတ်ဒဏ်ရာတွေဟာ ရေရှည်ထိ ခံစားရနိုင်တဲ့အပြင် အတွေးအမြင်တွေ၊ ခံစားချက်တွေ၊ အပြုအမူတွေကို သက်ရောက်စေနိုင်ပါတယ်။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေး၊ အုပ်ထိန်းမှုပုံစံ၊ မိမိကလေးတွေနဲ့ ရင်းနှီးမှု စတာတွေကိုပါ သက်ရောက်စေနိုင်ပါတယ်။ မျိုးရိုးဆက် စိတ်ဒဏ်ရာရှိတဲ့ ကလေးတစ်ဦးဟာ မိဘဘိုးဘွားတွေရဲ့ စိတ်ဒဏ်ရာတွေကို သွယ်ဝိုက်ခံစားရတာကြောင့် မျိုးဆက်သံသရာတစ်ခုကိုလည်း ဖြစ်လာစေပါတယ်။

🔵မျိုးရိုးအစဉ်အဆက်စိတ်ဒဏ်ရာကို လက်ခံကုသကြပေမဲ့ DSM (5)မှာတော့ အတိအကျဖော်ပြထားခြင်း မရှိတဲ့အပြင် တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ၊ လူတစ်ဦးချင်းစီ၊ တစ်မိသားစုချင်းစီရဲ့ မတူညီမှုတွေကြောင့် လက္ခဏာအတိအကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါ့အပြင် အချို့ဟာ မိသားစုအစဉ်အဆက်အလိုက်တွေ့ကြုံလာရတဲ့ Generational Traumaတွေကို ပုံမှန်အခြေအနေလို ကျင့်သားရလာတတ်ကြတာကြောင့်လည်း စိတ်ဒဏ်ရာတုံ့ပြန်မှုတွေလို့ မမြင်ဘဲ နေသားကြနေတတ်ကြပါသေးတယ်။

🔵အတွေ့ရများတဲ့ လက္ခဏာအချို့ကတော့-
မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စိတ်ထုံထိုင်းခြင်း၊ အထီးကျန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

🔵ဘာကြောင့် ဖြစ်ရသလဲ?

မျိုးရိုးစဉ်ဆက်စိတ်ဒဏ်ရာကို –

  • အရင်မျိုးဆက်တွေကြောင့် သံသရာစက်ဝန်းအဖြစ် ခံစားရခြင်း။
  • ဆိုးရွားတဲ့ ကလေးဘဝ အတွေ့အကြုံတွေရှိခဲ့ခြင်း။
  • ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ခံရခြင်း။
  • အရက်နဲ့မူးယစ်ဆေးသုံးစွဲခြင်း။
  • ကွာရှင်းပြတ်စဲမှု ကြုံရခြင်း။
  • သဘာဝဘေးအန္တရာယ်နဲ့ စစ်ပွဲတွေကို ​တွေ့ကြုံခဲ့ရခြင်း…..စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

🦋မျိုးရိုးစဉ်ဆက်စိတ်ဒဏ်ရာကို ဘယ်လိုကုစားကြမလဲ?
ကုစားတဲ့နေရာမှာ မျိုးရိုးအစဉ်အဆက် ခံစားခဲ့ရတာကြောင့် အစပိုင်းမှာ ခက်ခဲနိုင်ပြီး ချက်ချင်းကြီးပြောင်းလဲမှာ မဟုတ်ပေမဲ့ ဖြည်းဖြည်းချင်း ပြောင်းလဲကြည့်မယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်အပြင် နောက်မျိုးဆက်တွေအတွက်ပါ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်ပြုလုပ်ကြည့်နိုင်တဲ့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။ အဲ့ဒါတွေကတော့-

🍀 ကိုယ့်လျှို့ဝှက်ချက်ကို အမှန်တိုင်းနားလည်ဖို့ ကြိုးစားပါ။
ကိုယ်လှည့်ဖြားထားတဲ့ အဖြစ်အပျက်တွေ၊ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ စတာတွေဟာ စိတ်ဒဏ်ရာဖြစ်ရပ်တွေရဲ့ သော့ချက်ဖြစ်နေတတ်တာကြောင့် ဒါတွေကို နားလည်ပြီး ဖြည်းဖြည်းချင်း ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို Counselorကိုဖြစ်ဖြစ်၊ ရင်းနှီးပြီး ယုံကြည်ရတဲ့သူကိုဖြစ်ဖြစ် ဝေမျှပြောဆိုသင့်ပါတယ်။

 

🍀 မိသားစုအဖွဲ့လိုက် လုပ်ဆောင်ပါ။
မျိုးရိုးစဉ်ဆက်စိတ်ဒဏ်ရာကို ဘယ်သူ့ကြောင့် ခံစားရတယ်ဆိုပြီး လက်ညှိုးထိုးကြမဲ့အစား နောက်မျိုးဆက်တွေ ထပ်မဖြစ်စေဖို့အတွက် မိသားစုတစ်ခုလုံး စည်းစည်းလုံးလုံးနဲ့ စိတ်ဒဏ်ရာကို ပျောက်ကင်းစေနိုင်မဲ့ နည်းလမ်းအသစ်တွေကို စဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ်။

 

🍀 အတိတ်က အမှားမျိုးကို ရှောင်ပါ။
မိမိနဲ့ မိသားစုကို စိတ်ဒဏ်ရာ ဖြစ်စေနိုင်တဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ အပြုအမူတွေကို ရှောင်ကြဥ္သင့်ပါတယ်။

 

🍀ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးပြီး အတူတကွ လုပ်ဆောင်ပါ။ ဒါမှ ကိုယ်နဲ့ ကိုယ့်မိသားစု တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ပေါ်မူတည်ပြီး ထိရောက်တဲ့ ဆွေးနွေးမှုနဲ့ ကုသမှုနည်းလမ်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့နည်းလမ်းတွေအပြင် အခြား ကိုယ်အဆင်ပြေတဲ့နည်းလမ်းတွေနဲ့ပါ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့ဆွေးနွေးတဲ့ ပညာရှင်ရဲ့ နည်းလမ်းနဲ့အကြံတွေကိုပါ လုပ်ဆောင်မယ်ဆိုရင်တော့ နောက်မျိုးဆက်တွေကို ကောင်းမွန်ပြည့်စုံတဲ့ အမွေအနှစ်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။