Highly Sensitive Person

အလွန်သိမ်မွေ့လွန်းတဲ့သူ(သို့မဟုတ်) အကဲဆတ်သူဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ?

ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြတာကြောင့် ကျွန်မတို့အတွက် ဘာမှမဟုတ်တဲ့အရာဟာ တစ်ခြားသူအတွက် ထူးဆန်းတယ်လို့ ခံစားရပြီး ကျွန်မတို့နဲ့ မတူညီတဲ့ခံစားချက်တွေ ရှိနေနိုင်ပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။

Sensitive Person လို့ သတ်မှတ်ကြတဲ့ အကဲဆတ်တတ်ကြသူတွေဟာလဲ အာရုံခံစားမှု အားကောင်းကြတာကြောင့် တစ်ခုခုဆို ထိလွယ်ရှလွယ်တတ်ကြပါတယ်။ ဒါ့အပြင် စာနာတတ်ပြီး နားလည်မှုအပြည့်ရှိကြတာကြောင့် ကောင်းကျိုးတွေအပြင် Challengeဖြစ်တဲ့ အချက်တချို့လဲ ရှိနေပါတယ်။

ပထမဆုံးအနေနဲ့ Highly Sensitive Personတွေရဲ့ လက္ခဏာတွေကို အရင်ပြောပြပေးချင်ပါတယ်။ ဘာတွေလဲဆိုတော့-

🔷အာရုံခံစားမှုတွေဟာ လှုံ့ဆော်မှုအားကောင်းတာကြောင့် စူးရှတဲ့အလင်းရောင်တွေ၊ အနံ့ပြင်းပြင်းတွေ၊ ထိတွေ့မှုတွေနဲ့ ကျယ်လောင်တဲ့ အသံတွေ စတာတွေကို အခြားသူတွေထက် ပိုမိုခံစားရနိုင်ခြင်း။
🔷အချိန်တိုတွင်း လုပ်စရာတွေ အများကြီးရှိတဲ့အခါ စိတ်လှုပ်ရှားလွယ်ခြင်း။
🔷 ကြမ်းတမ်းရက်စက်တဲ့ ရုပ်ရှင်တွေ၊ TV showsတွေဟာ စိတ်မသက်မသာဖြစ်စေတဲ့အတွက် လုံးဝမကြည့်ရူကြခြင်း။
🔷သူများတွေအပေါ် ကိုယ်ချင်းစာစိတ်နဲ့ ဂရုဏာစိတ်များပြားခြင်း။
🔷 အနုပညာဆိုင်ရာလုပ်ငန်းတွေမှာ စိတ်ဝင်စားမှု အားကောင်းပြီး အဲ့ဒီကနေ ပျော်ရွှင်မှုရရှိခြင်း။
🔷ခံစားချက်ပြင်းထန်ပြီး အတွင်းစိတ်ဟာ အမြဲလိုလို အတွေးတွေနဲ့ ရူပ်ထွေးနေတတ်ခြင်း။
🔷 သိမ်မွေ့လွန်းပြီး ရှက်တတ်တဲ့သူလို့ သတ်မှတ်ခံရခြင်း။
🔷ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ ရင်းနှီးရတဲ့ ဆက်ဆံရေးတွေကို အမြဲ ဂရုတစိုက်ရှိခြင်း။
🔷 ပတ်ဝန်းကျင်အခြေအနေကို အလွယ်တကူ သိရှိပြီး လိုက်လျောညီထွေ နေတတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အကဲဆတ်မှု မြင့်မားခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကောင်းကျိုးတွေကတော့-

☑️ ပေါင်းသင်းဆက်ဆံရေးတွေမှာ အလွယ်တကူ ထိုးထွင်းသိမြင်ပြီး နားလည်မှုပေးနိုင်ခြင်း။
☑️မိမိကိုယ်ကိုသိမှုနှင့် လူမှုရေးသိမှု မြင့်မားခြင်း။
☑️ ငြိမ်သက်တဲ့ပတ်ဝန်းကျင်မှာ အာရုံစူးစိုက်နိုင်မှု အလွန်အားကောင်းခြင်း။
☑️ စာနာစိတ်ရှိခြင်း။
☑️ အဓိပ္ပာယ်ရှိပြီး နက်ရှိုင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ဖန်တီးနိုင်ခြင်း။
☑️ အနုပညာဆိုင်ရာ ကိစ္စတွေနဲ့ အလှတရားရဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီး ခံစားနိုင်ခြင်း။
☑️ ကျေးဇူးတရားကို သိရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။

🦋 အပေါ်မှာ ပြောခဲ့သလိုပဲ Sensitive Personဖြစ်ရတဲ့အခါ ကောင်းကျိုးတွေ ရရှိနိုင်တဲ့အပြင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေလဲ ရှိနိုင်ပါတယ်။ ဒါတွေကို စနစ်တကျရင်ဆိုင်နိုင်ဖို့အတွက် နည်းလမ်းတချို့ကတော့-

🔶 အလုပ်တွေပုံပြီး အချိန်မရှိတာမျိုးမဖြစ်ရအောင် အနားယူချိန် တိတိကျကျသတ်မှတ်ပြီး ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေမဲ့ နေရာမှာ နေခြင်း၊ Self-careအတွက် အချိန်ပေးခြင်းနဲ့ ကိုယ်ပျော်ရွှင်ရမဲ့ အရာလေးတွေ ပြုလုပ်ခြင်း စတာတွေကို အချိန်တစ်ခုပေးပြီး ပြုလုပ်သင့်ပါတယ်။

🔶 Boundaries ချမှတ်ပြီးနေပါ။ ကိုယ်ချင်းစာတရား မြင့်မားပြီး ကူညီလိုစိတ်ရှိတာဟာ ကောင်းတဲ့အချက်ဖြစ်ပေမဲ့ ကိုယ့်ကိုကိုယ် အထိခိုက်ခံပြီး ပြုလုပ်ပေးရတဲ့ ကိစ္စမျိုးတွေ ရှိလာရင်တော့ ဒါကို အကန့်အသတ်လေးနဲ့ ပြုလုပ်ဖို့ကလဲ အရေးကြီးပါတယ်။ ဒါကြောင့် တခါတရံမှာ ကိုယ်အဆင်မပြေတဲ့အခါ “No” လို့ ငြင်းဖို့ကို အားမနာပါနဲ့။

🔶 အာရုံခံ လှုံ့ဆော်မှုတွေ အားကောင်းတာကြောင့် အနှောက်အယှက်ဖြစ်စေမဲ့ နေရာတွေကို ရှောင်တာပဲဖြစ်ဖြစ်၊ မဖြစ်မနေသွားရဖို့ လိုအပ်တဲ့အခါတွေရှိရင်လဲ ကိုယ်အဆင်ပြေဖို့ ကြိုတင်ပြင်ဆင်တာပဲဖြစ်ဖြစ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆူညံတဲ့ အသံတွေအတွက် နားကြပ်တပ်တာမျိုးနဲ့ အလင်းရောင်အတွက် မျက်မှန်ရွေးချယ်တပ်တာမျိုးအပြင် ထိတွေ့မှုအတွက် သက်တောင့်သက်သာဖြစ်စေမဲ့ အဝတ်အစားဝတ်ဆင်တာမျိုး စတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ခြင်းဖြင့် ကိုယ်Sensitiveဖြစ်တဲ့ အရာတွေရဲ့ ဒဏ်ကနေ သက်သာစေနိုင်ပါတယ်။

🦋HSP ဆိုတဲ့ Highly Sensitive Person ဖြစ်ရတာဟာ ရောဂါတစ်ခုမဟုတ်သလို ချို့ယွင်းချက်တစ်ခုလဲ မဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်ရလဲ ဆိုရင် မျိုးရိုးအခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ ဆင့်ကဲဖြစ်စဥ္အခြေအနေအပြင် အစောပိုင်းကလေးဘဝတွေမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုတေသနအချို့မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကလေးဘဝအရွယ်မှာ မိဘတွေဆီကနေ နွေးထွေးမှု မရရှိခြင်း၊ Negativeဆန်တဲ့ အပြုအမူတွေနဲ့ကြီးပြင်းလာရပြီး စိတ်ဒဏ်ရာရရှိလာခြင်း စတာတွေဟာ အကဲဆတ်မှုမြင့်မားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့လဲ ဆိုကြပါတယ်။ ဆင့်ကဲဖြစ်စဥ္ရူထောင့်က ဘာကြောင့်ပါလာရသလဲဆိုတော့ HSPတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အမြဲရှာဖွေလေ့လာနေတာကြောင့် Survival Traitအဖြစ် သတ်မှတ်တာကြောင့်ပဲ ဖြစ်ပါတယ်။

🦋 ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အကဲဆတ်မှု မြင့်မားနေတယ်လို့ ခံစားရရင်လည်း စိတ်ပူစရာမလိုဘဲ ပိုမိုအဆင်ပြေဖို့အတွက် အခုပြောပြခဲ့တဲ့ နည်းလမ်းတွေအပြင် တခြားကိုယ်အဆင်ပြေမဲ့ နည်းလမ်းလေးတွေနဲ့လဲ ကြိုးစားကြည့်လို့ရပါတယ်။ ဒါ့အပြင် နေ့စဥ်ဘဝကို ထိခိုက်စေတယ်လို့ခံစားရပြီး တစ်ယောက်တည်းဖြေရှင်းဖို့ အခက်အခဲရှိရင်လဲ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။