Passive – Aggressive Communication Style (Ghost လုပ်တတ်တဲ့ ပေါင်းသင်းဆက်ဆံရေးပုံစံရှိသူများ)

နေ့စဥ်ဘဝမှာ အလိုမပြည့်မှုတွေနဲ့ ဒေါသစိတ်တွေ ဖြစ်လာတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို ဘယ်လိုဆက်ဆံလေ့ရှိသလဲ?

ဒီနေ့​မျှဝေပေးချင်တာလေးကတော့ နေ့စဥ်ဘဝမှာ ကြုံတွေ့ရတဲ့ ဆက်ဆံရေးတွေမှာ တွေ့ရလေ့ရှိတဲ့ Passive Aggressive Communication Style လို့ခေါ်တဲ့ အလိုမကျတာတစ်ခုခုတွေ့တာနဲ့ အမြဲလိုလို စကားလုံးဝမပြောဘဲနေပြီးတော့ ပြောတဲ့အခါဆိုရင်လဲ ရွဲ့စောင်းပြောဆိုတတ်လေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံမှု ပုံစံတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။

🔹ငယ်စဥ်ဘဝတုံးက အိမ်မှာ တစ်ခုခုဆို အကျိုးအကြောင်းမရှာဖွေတတ်ဘဲ မကျေနပ်တာတွေ ရှိတဲ့အခါ ပွင့်ပွင့်လင်းလင်းမပြောဆိုတတ်တဲ့ မိဘတွေ၊လူကြီးတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အခုလို Passive Aggressive Style ဖြစ်လာနိုင်ပါတယ်။ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆိုမဲ့အစား အကျိုးအကြောင်းမပြောဘဲ နေတတ်တဲ့ လူကြီးတွေရဲ့ စိတ်ခံစားချက်တွေကို လိုက်ဖတ်နေရတဲ့ ကလေးအဖြစ်ကြီးပြင်းလာရတာ​ဟာ Passive Aggressive အပြုအမူတွေဖြစ်စေဖို့ တွန်းအားတစ်ခုပဲ ဖြစ်ပါတယ်။

🔷Passive Aggressiveပုံစံဆိုတာကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြမဲ့အစား အပျက်သဘောဆောင်တဲ့ အပြုအမူတွေနဲ့ ဖော်ပြတဲ့ ဆက်သွယ်မှုပုံစံတစ်ခုပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ Passive Aggressiveပုံစံဟာ Conflictတွေ ကြုံတွေ့ရတဲ့အခါ ပတ်ဝန်းကျင်ကိုရှောင်တတ်တဲ့၊ လူအများစု သုံးလေ့ရှိတဲ့ Coping Mechanism တစ်ခုလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ Passive Aggressive Styleကတော့ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါလက္ခဏာအချို့နဲ့လဲ ဆက်စပ်နေပါတယ်။

Passive Aggressive Styleကို DSM(5)မှာ Personality Disorderတစ်ခုအဖြစ် မထည့်ထားတော့ပေမဲ့ ဆေးခန်းအများစုကတော့ ဒီဝေါဟာရကို ဆက်လက်အသုံးပြုနေကြဆဲဖြစ်ပါတယ်။

🚩Passive Aggressive Communication Styleရဲ့ လက္ခဏာတွေက ဘာတွေလဲ?

  • ပဋိပက္ခတွေကြုံရတဲ့အခါ လူတွေကို ရှောင်ကြဥ်ခြင်း။
  • ကိုယ်သဘောမကျတဲ့လူတွေနဲ့ ကြုံရတဲ့အခါ ရုတ်တရက်အဆက်အသွယ်ဖြတ်ခြင်း၊ ခေတ်စကားနဲ့ပြောရရင် Ghostလုပ်တတ်ကြခြင်း။
  • ကိုယ်အဆင်မပြေနေရင်တောင် အဆင်ပြေပါတယ်ပဲ ပြောဆိုခြင်း။
  • အခြားလူတွေက ကိုယ်ဘာလိုချင်တယ်ဆိုတာမျိုးကို ကိုယ်မပြောပြလဲ သိနေဖို့ မျှော်လင့်တတ်ခြင်း။
  • အရှေ့မှာ အခင်အမင်မပျက်ပေမဲ့ နောက်ကွယ်မှာ အတင်းအဖျင်းဖြန့်ခြင်းနဲ့ သူတစ်ပါးထိခိုက်မဲ့ ကိစ္စများ ကြံစည်တတ်ခြင်း။
  • ကိုယ့်အပြစ်ထက် သူများပေါ်အပြစ်ပုံချတတ်ခြင်း …စတာတွေပဲ ဖြစ်ပါတယ်။

✨Passive Aggressive Styleကနေ Active Communication Styleဖြစ်အောင် ဘယ်လို ပြောင်းလဲမလဲ?

  1. ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ရှင်းရှင်းလင်းလင်းသိအောင် ပြုလုပ်ပါ။ ဘာကြောင့်လဲဆိုရင် တခါတရံမှာ ကိုယ့်စိတ်ခံစားချက်ကို သတိမထားဘဲ သူများနဲ့ ဆက်ဆံရတဲ့အခါ ကိုယ်ဘာဖြစ်နေလဲမသိတာကြောင့် ပြောမိပြောရာပြောတဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။
  2. Passive Aggressiveဖြစ်စေတဲ့ အပြုအမူတွေကို ပြောင်းလဲဖို့အတွက် ကိုယ့်ကိုကိုယ် အခွင့်အရေး ပေးပါ။ အချိန်ကြာနိုင်ပေမဲ့လဲ ပြောင်းလဲမှုသေးသေးလေးတွေကနေစပြီး စိတ်ရှည်ရှည်နဲ့ ​လုပ်ဆောင်ကြည့်နိုင်ပါတယ်။
  3. ကိုယ်အဆင်မပြေတဲ့အရာကို အဆင်မပြေကြောင်း တည့်တည့်ငြင်းနိုင်ဖို့ ကြိုးစားကြည့်ပါ။
  4. ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မြိုသိပ်မထားဘဲ၊ တခြား Healthyမဖြစ်စေတဲ့ နည်းလမ်းတွေနဲ့ မဖော်ပြဘဲ ပွင့်ပွင်းလင်းလင်းပဲ ပြောဆိုကြည့်ပါ။
    ဥပမာ- ကိုယ်က တစ်ခုခုကို “No”လို့ ငြင်းပြီးတာကို ထပ်တောင်းဆိုတာမျိုး ကြုံလာရရင်လဲ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

🔷 Passive Aggressive ဟာ တစ်ခါတစ်ရံမှာ ထိခိုက်စေနိုင်ပေမဲ့ အများစုကတော့ အလျဉ်းသင့်သလို အသုံးပြုတတ်ကြပါတယ်။ ဒါ့ကြောင့် ပြင်းထန်တဲ့အပြုအမူတွေ မဖြစ်စေဖို့အတွက် လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ့်စိတ်ခံစားချက်ကို ရှင်းရှင်းလင်းလင်းဖော်ထုတ်ပြောဆိုပြီး ပြဿနာတစ်ခုကို လက်တွေ့ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် နေ့စဥ်ဘဝမှာ ပိုမိုအဆင်ပြေလာစေနိုင်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်တဲ့ပညာရှင်ရဲ့အကူအညီကိုလဲ ရယူနိုင်ပါတယ်။