Attachment Styles လို့ခေါ်တဲ့ တွယ်တာမှုပုံစံ(၄)မျိုး

🔎တချို့လူတွေဟာ ပေါင်းသင်းဆက်ဆံရေးတွေမှာ သိပ်တွယ်ကပ်လွန်းအားကြီးပြီး တချို့လူတွေဟာ ပေါင်းသင်းဆက်ဆံရေးတွေမှာ အေးတိအေးစက်နိုင်ကြတာ ဘာကြောင့်ဖြစ်နိုင်မလဲ?

Attachment Theory အရတော့ ဒါဟာ ကျွန်မတို့တစ်ယောက်ချင်းစီမှာ မတူညီတဲ့ တွယ်တာမှုပုံစံတွေ ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

လူ့သဘာဝအရ ကျွန်မတို့တွေဟာ ငယ်စဥ်ကနေစလို့ အသက်ကြီးတဲ့အထိ ပေါင်းသင်းဆက်ဆံရေး၊ ရင်းနှီးမှု၊ ချစ်ခြင်းမေတ္တာ၊ နှစ်သိမ့်မှုနဲ့ ပံ့ပိုးပေးမှု စတာတွေကို လိုအပ်ကြပြီး ရှာဖွေတတ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးဟာ အလွန်အရေးကြီးပေမဲ့ တစ်ဖက်လူကို တွယ်တာတဲ့နေရာမှာ Healthy ဖြစ်စေတဲ့ နည်းလမ်းနဲ့ ပုံစံမျိုးဖြစ်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကလေးဘဝအရွယ်တည်းက စတင်ဖွံ့ဖြိုးပြီး အရွယ်ရောက်တဲ့အထိ သက်ရောက်မှုရှိနိုင်တဲ့ Attachment Style လို့ခေါ်တဲ့ တွယ်တာမှုပုံစံ (၄)မျိုးအကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

🔷Attachment Style ဆိုတာကတော့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အမြဲလိုလိုပြုလုပ်လေ့ရှိတဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။

1950ခုနှစ်ဝန်းကျင်လောက်မှာ စိတ်ပညာရှင် John Bowlby ဟာ ကလေးတွေအတွက် Attachment Theoryဆိုတာကိုစတင်တွေ့ရှိခဲ့ပြီး၊ နောက်ပိုင်းမှာ ဒီသီအိုရီကိုအခြေခံပြီး Adult Attachment Styleဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။

Attachment Styleတွေဟာ လူတွေရဲ့အစောပိုင်းကာလကနေစပြီး ဖွံ့ဖြိုးပါတယ်။ ငယ်စဥ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ မိဘ၊ ဆရာတို့ရဲ့ အပြုအမူနဲ့ဆိုင်တယ်ဆိုရင်လဲမမှားပါဘူး။ ငယ်စဉ် ဘဝမှာ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာလိုအင်တွေကို ရရှိခဲ့ရင်တော့ ပြည့်စုံတဲ့ Sure Attachment Style ဆိုတာကိုရရှိနိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ လွဲမှားတဲ့ထိန်းကျောင်းခံရမှုတွေနဲ့ပဲကြီးပြင်းလာမယ်ဆိုရင်တော့ Insecure Attachment Style ၃မျိုး ထဲပါသွားနိုင်ပါတယ်။

🔷Attachment Style (၄)မျိုးရှိပါတယ်။

  1. Secure Attachment Style
    Secure Attachment Styleဆိုတာကတော့ လုံခြုံစိတ်ချစိတ် အပြည့်ရှိပြီး နှစ်သက်ဖို့ကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို တည်ဆောက်နိုင်ပါတယ်။ Secure Attachment Styleရှိသူတွေဟာ ကိုယ့်ကိုကိုယ်နဲ့ တခြားသူတွေအပေါ် ယုံကြည်မှုရှိပြီး ချစ်ပေးဖို့ရော အချစ်ခံဖို့ရော လွယ်ကူတဲ့အပြင် တခြားသူတွေနဲ့ ရင်းနှီးဖို့လည်း လွယ်ကူကြပါတယ်။ ကိုယ်လိုအပ်ရင် ကိုယ့်အနားကလူတွေ ရှိနေမယ်၊ ကူညီကြမယ် ဆိုတဲ့ လုံခြုံတဲ့စိတ်မျိုးလည်းရှိကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် ဘေးနာကလူတွေဟာ သူ့အနားမှာ မရှိတဲ့အခါကြရင်လဲ နားလည်လွယ်ကြပြီး အဆင်ပြေအောင်နေထိုင်တတ်ကြပါတယ်။ ( low avoidance , low anxiety )
  2. Anxious Attachment Style
    Anxious Attachment Styleတွေကတော့ ဆက်ဆံရေးတစ်ခုမှာရှိနေရတိုင်း စိုးရိမ်မှု့ကိုအမြဲခံစားနေရတတ်ပါတယ်။ သဝန်တိုမှု၊ တွယ်ကပ်မှု၊ လိုအပ်မှုစတဲ့ စိုးရိမ်စိတ်တွေနဲ့ပြည့်နေတတ်ကြပြီး ကိုယ့်ကိုမချစ်ခင်ကြတော့မှာကို အမြဲလိုလိုစိုးရိမ်စိတ်ဝင်ပြီး ကြောက်တတ်ကြပါတယ်။ တကယ်လို့ အမှားသေးသေးလေး လုပ်မိရင်တောင် လိုတာထက်ပိုပြီးစိုးရိမ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်း ဒါမှမဟုတ် ရည်းစားက ကိုယ့်ထက်ပိုတော်တဲ့တစ်ယောက်နဲ့တွေ့ပြီး ပြေလည်သွားမှာမျိုးကိုလဲ စိုးရိမ်တတ်ကြပါတယ်။ သူ့ပတ်ဝန်းကျင်ကလူတွေက သူ့ကိုချစ်ပေးနေသည့်တိုင်အောင် သူ့စိတ်ထဲမှာတော့ အချစ်မခံရတဲ့စိတ်နဲ့ မလုံလောက်တဲ့စိတ်တွေပဲကြီးစိုးနေတတ်ပါတယ်။ အမြဲ လျစ်လျူရူခံရမယ်၊ နာကျင်စရာတွေရလိမ့်မယ်လို့ပဲ တွေးနေတတ်ကြပါတယ်။ ( low avoidance , high anxiety
  3. Avoidant Attachment Style
    Avoidant Attachment Style ဆိုတာကတော့ ငယ်ဘဝမှာ လိုအပ်တဲ့ပြုစုမှုကို မရရှိခဲ့တာကြောင့် Anxious Attachment နဲ့မတူတဲ့ သွေဖယ်ရှောင်ရှားတတ်တဲ့ပုံစံဘက်ကို ရောက်သွားတာမျိုးပါ။ သူတို့ဟာ Self Esteemမြင့်ပြီး ကိုယ့်ကိုကိုယ်ပဲ အားကိုးတတ်ကြပါတယ်။ ရင်းနှီးမှုတွေ၊ စိတ်ခံစားမှုတွေဟာ အရေးမပါဘူးလို့ မှတ်ယူထားတတ်ကြပါတယ်။ ဆက်ဆံရေးတွေမှာဆိုရင်လဲ အရင်စပြီးဆက်သွယ်လေ့မရှိကြသလို တစ်ဖက်က ဆက်သွယ်ရင်လဲ ရင်းရင်းနှီးနှီးမနေတတ်ကြပါဘူး။ တချို့တွေကတော့ ရုပ်ပိုင်းဆိုင်ရာအရ ရင်းနှီးတတ်ကြပုံပေါ်ပေမဲ့ စိတ်ခံစားချက်တွေကိုတော့ ထုတ်မပြောတတ်ကြဘဲ ဖုံးကွယ်ထားတတ်ကြပါတယ်။ ( high avoidance, low anxiety)
  4. Disorganized / Fearful-Avoidant Attachment Style
    ဒီ Attachment Styleကတော့ Anxious Attachment Styleနဲ့ Avoidant Attachment Styleတို့ ရောနှောနေတာကြောင့် ပေါင်းသင်းဆက်ဆံရေးတွေမှာ ရင်းနှီးလိုစိတ်ရှိပေမဲ့ ရင်းနှီးသွားတဲ့အခါ ပစ်ထားခံရမှာတွေ၊ ဂရုစိုက်မခံရမှာတွေကို စိုးရိမ်တာကြောင့် ရင်းနှီးမှုတွေကို ရှောင်တတ်ကြတဲ့ တွယ်တာမှုပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ ရင်းနှီးမှုတွေကို ရှောင်ရင်းတစ်ချိန်တည်းမှာပဲ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေ ရင်းနှီးမှုတွေ လိုအပ်နေတယ်လို့လ ည်း ခံစားရတတ်ကြပါတယ်။

သူတို့ဟာ တစ်ယောက်ယောက်နဲ့ သံယောဇဥ်တွယ်ပြီဆိုရင် စိတ်အိုက်လာတတ်ပါတယ်။ အရင်ကလဲ သူဟာ ဆက်ဆံရေးတွေကနေ ရှောင်ပြေးခဲ့တဲ့အတွက် အရင်ကလုပ်ခဲ့တာတွေပြန်သတိရပြီး ထပ်ထပ်ရှောင်ပြေးတတ်ကြပါတယ်။ တစ်ဖက်လူရဲ့ ချစ်ခင်မှုနဲ့ ကတိတွေကို မယုံတတ်ကြသလို စိုးရိမ်စိတ်လည်း မြင့်မားတတ်ကြပါတယ်။

ကလေးဘဝမှာ ဂရုစိုက်မခံရခြင်း၊ ချုပ်ခြယ်ခံရခြင်းနဲ့ ကြမ်းတမ်းတဲ့ အပြုအမူ အပြောအဆိုတွေနဲ့ ကြီးပြင်းလာရခြင်း စတဲ့ အချက်တွေကြောင့် အရွယ်ရောက်တဲ့အခါ အခုလို တွယ်တာမှုပုံစံမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတွယ်တာမှုပုံစံဟာ အတော်လေးရှားပါးပြီး ဒါနဲ့ပက်သက်လို့ တိတိကျကျ သုတေသနပြုထားတာတော့မတွေ့ရသေးပါဘူး။ ( high avoidance, high anxiety)

ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်စေမဲ့ တွယ်တာမှုပုံစံတွေရှိနေတယ်လို့ ခံစားရရင်လဲ သိပ်မစိုးရိမ်ဘဲ ဖြည်းဖြည်းချင်း ပြောင်းယူတာမျိုးလုပ်လို့ရသလို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးနိုင်ပါတယ်။