The impact of social media on mental health

Social Mediaအသုံးပြုမှု ဟာ Depression(စိတ်ဓာတ်ကျခြင်း), Anxiety(စိုးရိမ်ပူပန်ခြင်း) နဲ့ Loneliness(အထီးကျန်ခြင်း) စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ သတိထားမိပါသလား?

လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ နေရတဲ့ သတ္တဝါတွေဖြစ်တာကြောင့် ဘဝမှာ ပျော်ရွှင်ဖို့အတွက် အဖော်အပေါင်းလိုအပ်ပြီး မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခန်းကဏ္ဍဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို များစွာ အကျိုးသက်ရောက်စေပါတယ်။ ဒါ့ကြောင့် ယနေ့ခေတ်မှာတော့ ကျွန်မတို့ဟာ မိတ်ဆွေတွေကို အလွယ်တကူ စကားပြောနိုင်တဲ့ Facebook, Instagram, Twitterအစရှိတဲ့ လူမှုကွန်ရက်တွေကနေတဆင့် အဆက်အသွယ်ပြုလုပ်လေ့ရှိပါတယ်။

ဒီ Social Mediaတွေဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အလွယ်တကူ ဆက်သွယ်လို့ရတဲ့အပြင် သတင်းအချက်အလက်တွေကို မျှဝေလို့ရပြီး မိတ်ဆွေသစ်တွေနဲ့ပါ တွေ့ရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ များစွာရှိတဲ့ နည်းပညာတစ်ခုဖြစ်နေပေမဲ့ စွဲလန်းစွာနဲ့ အလွန်အကြူးအသုံးပြုမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ ကျန်းမာရေးတွေကိုလဲ ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် Social Mediaအသုံးပြုတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မထိခိုက်အောင် ဘယ်လို အသုံးပြုကြမလဲဆိုတာကို ဒီနေ့ မျှဝေပေးသွားပါ့မယ်ရှင့်။

👩‍💻Social Mediaသုံးစွဲမှု ကြောင့် ဘယ်လိုမျိုး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်လာနိုင်လဲ?

လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ၊ စိတ်နေစိတ်ထားတွေ မတူညီကြတာဖြစ်လို့ Social Mediaကြောင့် ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု လက္ခဏာတွေဟာ သုံးစွဲမှုကြာချိန်၊ မကြာခဏ အသုံးပြုမှု စတဲ့အရာတွေပေါ်မူတည်နေတာမဟုတ်ဘဲ Social Mediaအသုံးပြုနေချိန်မှာ ဖြစ်တဲ့ ခံစားချက်နဲ့ တုံ့ပြန်မှုတွေပေါ် မူတည်နေတာပဲ ဖြစ်ပါတယ်။

🔘တစ်ပါးသူရဲ့ တုံ့ပြန်မှုတွေကို အာရုံအစိုက်လွန်ခြင်း

ပိုစ့်တင်တဲ့အခါ ကျွန်မတို့ဟာ ဘဝရဲ့အမှတ်တရတွေကို Sharingလုပ်တဲ့ အနေနဲ့ တင်တာမဟုတ်ဘဲ တစ်ပါးသူတွေဆီကနေ likeတွေ commentတွေရဖို့အတွက် ပိုစ့်တင်ကြတာမျိုး လွန်ကြူးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ-ကိုယ်တင်လိုက်တဲ့ပုံဟာ ထင်သလောက် Reachမရောက်တဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်စေတဲ့အပြင် likeတွေ အများကြီးရတဲ့ တစ်ခြားသူနဲ့ နှိုင်းယှဥ်ကာ Self Esteemကျဆင်းခြင်း၊ အာရုံစူးစိုက်မှု အားနည်းလာခြင်း၊ စိုးရိမ်စိတ်များလာခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေထိ ခံစားရနိုင်ပါတယ်။

🔘Social Mediaမှ အတုအယောင်တွေကို အားကျစိတ် လွန်ကဲခြင်း

Social Mediaမှာ လူတိုင်းဟာ သူတို့ရဲ့ အကောင်းဆုံးဆိုတာတွေကိုပဲ ရွေးချယ်ဖော်ပြတတ်တာကြောင့် အလှပုံတင်တဲ့အခါမှာလဲ Filterတွေအပြင် အခြား Applicationတွေကို အသုံးပြုပြီး လှပအောင် ဖန်တီးယူကာ တင်တတ်ကြပါတယ်။အဲ့ဒါတွေကို ကျွန်မတို့ကကြည့်ပြီး “ငါတော့ သူ့လိုမလှဘူး၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ”ဆိုပြီး မိမိကိုယ်ကို အားမရဖြစ်ပြီး စိတ်ထိခိုက်တတ်ကြပါတယ်။

🔘Fear of Missing Out(FOMO) ဖြစ်လာခြင်း

FOMO ဆိုတာကတော့ တစ်ခြားသူတွေဟာ ကိုယ့်ထက် ပိုကောင်းတဲ့ဘဝကို တွေ့ကြုံ ပိုင်ဆိုင်နေရပြီလားဆိုပြီး ကြောက်ရွံ့တတ်တဲ့ခံစားချက် တနည်းအားဖြင့် မနာလိုစိတ်ပြင်းထန်တဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။ ဒီလိုခံစားချက်ကြောင့်ပဲ Social Mediaကို အဆက်မပြတ်အသုံးပြုပြီး မနာလိုတဲ့သူတွေကို မျက်စိဒေါက်ထောက်ကြည့်နေတတ်ကြပါတယ်။ ဒီကနေတဆင့် အလုပ်ကိစ္စ၊ ကျောင်းကိစ္စတွေမှာ အာရုံစူးစိုက်မှု လျော့နည်းလာစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်မနာလိုရသူတွေဟာ ဘဝရဲ့ အချိန်တွေကို ကောင်းမွန်စွာဖြတ်သန်းနေရကြောင်း ရည်ညွှန်းတဲ့ပိုစ့်မျိုးတွေ့ရတဲ့အခါ အသုံးမကျသလိုခံစားရခြင်း၊ အထီးကျန်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဒါဆိုရင် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို မထိခိုက်ဖို့ Social Mediaကို ဘယ်လိုအသုံးပြုမလဲ?

☑️ သုံးစွဲချိန်ကို ဖြည်းဖြည်းချင်းလျှော့ချပါ

2018ခုနှစ်၊ Pansylvania တက္ကသိုလ်ကနေ တွေ့ရှိခဲ့တဲ့ လေ့လာမှုတစ်ခုအရ Social Mediaအသုံးပြုမှုကို တစ်ရက်လျှင် မိနစ်၃၀လျှော့ချခြင်းဖြင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်းနဲ့ FOMO တို့ကို သိသိသာသာလျော့ကျစေကြောင်း ထုတ်ပြန်ထားပါတယ်။ အချိန်လျော့ချဖို့အတွက် အရေးကြီးဆုံးက လက်ကိုင်ဖုန်းဖြစ်လို့ ဖုန်းကို အိပ်ယာ၊ ရေချိုးခန်း စတဲ့နေရာတွေကို ယူသွားတဲ့အကျင့်ရှိရင် ဖြည်းဖြည်းချင်း ဖျောက်ကြည့်သင့်ပါတယ်။

☑️Notificationတွေကို ပိတ်ထားပါ

ဖုန်းကိုဘေးချထားချိန်မှာ Social Mediaကနေ တက်တက်လာတဲ့ Noti Sound တွေကြောင့် မကြာခဏ ဖုန်းယူကြည့်မိပြီး သုံးစွဲချိန်ပိုတာတွေဖြစ်နိုင်လို့ Noti ပိတ်ထားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မကြာခဏ လိုင်းဖွင့်ပြီး Checkလုပ်တတ်တဲ့ အကျင့်နဲ့ FOMO ဖြစ်ခြင်းကိုလဲ လျော့ကျစေနိုင်ပါတယ်။

☑️ အာရုံစိုက်မှုကို အစားထိုးပါ

ကိုယ်က အထီးမကျန်ခြင်လို့ Social Media အသုံးပြုလိုက်ပေမဲ့ ဒါကပဲ တကယ့်လူနေမှုဘဝနဲ့ ဝေးကွာစေနိုင်တာကို သတိပြုသင့်ပါတယ်။ ကိုယ်တင်လိုက်တဲ့ ပိုစ့်တွေကို လူတွေကြိုက်လားမကြိုက်လား၊ ဘယ်လိုဝေဖန်ကြသလဲ ဆိုတာကို အာရုံစိုက်မဲ့အစား အပြင်မှာ လုပ်လို့ရမဲ့ အခြားအာရုံစိုက်စရာတစ်ခုခုကို ရှာသင့်ပါတယ်။ ဥပမာ- မိသားစုနဲ့ စကားပြောခြင်း၊ လမ်းလျှောက်ခြင်း စသဖြင့်။

☑️ Onlineမှာထက် အပြင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ

ကျွန်မတို့ဟာ သူငယ်ချင်းတွေနဲ့ onlineမှာ chattingထိုင်လိုက်တာထက် အပြင်မှာ တွေ့ဆုံပြီး ရယ်မောလိုက်ကြရတာဟာ ပိုပြီး အရေးပါလို့ အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့ အပြင်မှာ အတူတူဆုံသင့်ပါတယ်။ ဒါဟာ Social Mediaအသုံးပြုချိန်ကို လျော့ကျစေတဲ့အပြင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံလိုက်ရတဲ့အတွက် နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကို အထောက်အကူဖြစ်စေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

☑️Social Mediaမှာ တင်ကြသလို လူတိုင်းရဲ့ ဘဝက အဆင်ပြေမနေဘူးဆိုတာကို အမြဲသတိရနေပါ

အပေါ်မှာ ပြောခဲ့သလို လူတိုင်းဟာ သူတို့ဘဝရဲ့ အကောင်းဆုံးတွေကိုပဲ ရွေးချယ်ပြီး ဖော်ပြတတ်ကြတာကြောင့် လိုက်နှိုင်းယှဥ္ပြီး အားမရဖြစ်ကာ သိမ်ငယ်စိတ်ဖြစ်စရာ မလိုပါဘူး။ သူတို့ရဲ့ အပြင်ဘဝမှာလဲ အများနည်းတူ စိတ်ညစ်စရာတွေ ရှိနေနိုင်ပါတယ်။ ဒီလို ကိုယ့်ကိုကိုယ် နှိုင်းယှဥ်မိပြီး စိတ်ပျက်လာတဲ့အခါ ကိုယ့်ရဲ့ အားသာချက်တွေကို သိရှိထားပြီး FOMO ခံစားချက်တွေ ဝင်လာတိုင်း ပြန်လည်သတိရပါ။

Social Mediaအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ကာကွယ်ဖြေရှင်းဖို့အတွက် အခုဖော်ပြပေးခဲ့တဲ့ နည်းလမ်း ေတွအပြင် အခြားသော နည်းလမ်းများစွာလဲ ရှိနေပါသေးတယ်။ ကိုယ်အဆင်ပြေမဲ့ နည်းလမ်းတွေကို အသုံးပြုပြီး Social Mediaကြောင့် ဖြစ်လာမဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ကာကွယ်ဖြေရှင်းနိုင်ပါတယ်။ အကယ်၍ ကိုယ်တစ်ယောက်တည်း ဖြေရှင်းရတာ အဆင်မပြေတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာပါက ကျွမ်းကျင်တဲ့ပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးပြီး အကူအညီရယူနိုင်ပါတယ်။