Resilience

အကြပ်အတည်းကြားမှာ ခံနိုင်ရည်ရှိခြင်း/အကြပ်အတည်းကြားမှ ရှင်သန်ခြင်း

ယခုကာလမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်တဲ့အတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုလဲ ခံစားနေကြရနိုင်ပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုရှိသူတွေအတွက် အထောက်အကူဖြစ်စေမဲ့အရေးကြီးတဲ့ အရာများစွာရှိတဲ့ထဲကမှ Resilience လို့ ခေါ်တဲ့ ခံနိုင်ရည်ရှိဖို့ တည်ဆောက်ရမဲ့ အကြောင်းလေးကို တင်ပြပေးသွားပါမယ်ရှင့်။

ကျွန်မတို့တွေဟာ အများစုနဲ့အတူတူ ကြုံရတဲ့ အကြပ်အတည်းတွေကြောင့်ပဲဖြစ်စေ၊ တစ်ကိုယ်တည်း ကြုံရတဲ့အကြပ်အတည်းတွေကြောင့်ပဲဖြစ်စေ ၊ (၂)ခုလုံးကြောင့်ပဲဖြစ်စေ အကြပ်အတည်းတွေ ကြုံတွေ့ရတဲ့အခါ စိတ်ခံစားချက်၊ ကျန်းမာရေး၊ တွေးတောပုံနဲ့ ရူမြင်ပုံတွေကို ပြောင်းလဲပြီး ထိခိုက်စေနိုင်ပါတယ်။ ဒါတွေကြောင့်ပဲ အကြပ်အတည်းကာလတွေကြားမှာ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုးတွေ ခံစားရစေနိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို တိုးပွားလာစေနိုင်ပါတယ်။ ဒါတွေအပြင် ဆုံးရှုံးခဲ့ရတာတွေ၊ ဘဝမှာ လမ်းပျောက်သလိုဖြစ်ရတာတွေကို တွေးပြီး နာကျင်ဝမ်းနည်းခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ ဘယ်အရာကိုမှ ကိုယ်တိုင်မလုပ်ဆောင်နိုင်တော့ဘူးလို့ တွေးထင်ပြီး စိတ်ဓာတ်ကျတတ်ကြပါတယ်။

လူတွေဟာ မတူညီမှုတွေကြောင့် တချို့လူတွေဟာ ခက်ခဲတဲ့အခြေအ​နေမှာတောင် ခံနိုင်ရည်ရှိတဲ့ပုံ ပေါ်တတ်ကြပြီး တချို့ကတော့ ခံနိုင်ရည်အား နည်းတတ်ကြပါတယ်။ ဒါတွေဟာ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံအပြင် အခြားသော အကြောင်းအရာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ခံနိုင်ရည်တည်ဆောက်ဖို့အတွက် လေ့ကျင့်လို့ရတာကြောင့် ကြိုးစားပြီး လုပ်ကြည့်သင့်ပါတယ်။ခံနိုင်ရည်ရှိခြင်းကြောင့် စိတ်ဖိစီးမှုတွေအပြင်၊ မသေချာလှတဲ့ အနာဂတ်ကိုတောင်မှ စိုးရိမ်မှုတွေ၊ အကြောက်တရားတွေ နည်းပါးစွာနဲ့ ရင်ဆိုင်နိုင်ဖို့အထိ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

 

ခံနိုင်ရည်တည်ဆောက်ဖို့အတွက် နည်းလမ်းများ

၁) အရှိတရားကို လက်ခံပြီး ကျင့်သုံးပါ။

တချို့လူတွေဟာ အကြပ်အတည်းကြုံရတဲ့အခါ ကိုယ့်စိတ်ကိုဖြေဖို့အတွက် အကြပ်အတည်းမကြုံနေရသလို၊ အခြားအကြောင်းအရာတစ်ခုကြောင့်ဖြစ်သလို အစားထိုးပြီး စိတ်ဖြေတတ်ကြတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဖြေရှင်းချက်အသစ်ရှာဖို့နဲ့ အခြေအနေပေါ်တည်ပြီး လိုက်လျောညီထွေနေတတ်ဖို့အတွက် ခက်ခဲလာတတ်ပြီး စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

၂) မိမိ မထိန်းချူပ်နိုင်သောအရာများကို လက်ခံနားလည်ပါ။

ဥပမာ- ရောဂါပိုးတစ်ခုကို မဖြစ်လာစေဖို့ ထိန်းချုပ်နိုင်စွမ်းဟာ ကျွန်မတို့ဆီမှာ မရှိတာကြောင့် ရောဂါပိုးမကူးအောင်နဲ့ မပျံ့နှံ့အောင်သာ နေကြရပါတယ်။ အခန့်မသင့်လို့ ကူးစက်ခဲ့ရင်လဲ ဒါဟာ တစ်ကမ္ဘာလုံးဖြစ်နေတဲ့အတွက် ကူးရကောင်းလားဆိုပြီး မိမိကိုယ်ကို အပြစ်တင်ရင်း စိတ်ဖိစီးနေတာဟာ မှန်ကန်တဲ့လုပ်ရပ် မဖြစ်စေပါဘူး။ဒီဥပမာလိုပဲ အခြားကိစ္စတွေမှာလဲ အလားတူ လက်ခံနားလည်ရပါမယ်နော်။

၃) ပေါင်းသင်းဆက်ဆံရေးတွေမှာ အချိန်ပေးပါ။

ဒီအရာကတော့ ဘယ်အခြေအနေပဲဖြစ်ပါစေ ချစ်ခင်ရတဲ့သူတွေနဲ့ စည်းစည်းလုံးလုံးရှိတာဟာ အခက်အခဲတွေကို ရင်ဆိုင်ဖို့အတွက် အားဆေးတစ်ခွက်ပဲ ဖြစ်ပါတယ်။ တချို့ကတော့ ခက်ခဲနေချိန်တွေမှာ ကိုယ်ချစ်ခင်ရသူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်မယ်လို့ ခံစားရတတ်တာကြောင့် ရှောင်ဖယ်ပြီး တစ်ယောက်တည်းနေလေ့ ရှိကြပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ အထီးကျန်လာပြီး စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကို ပိုမိုကြုံတွေ့စေနိုင်ပါတယ်။

၄)မိမိကိုယ်ကို ချစ်ခင်ပါ။

အကြပ်အတည်းတွေကြားမှာ ကိုယ့်ရဲ့အနီးအနားကသူတွေကို ပိုမိုဂရုစိုက်သင့်တဲ့အပြင် ​ေနာက်ထပ်အနေနဲ့ မိမိကိုယ်ကိုလဲ ဂရုစိုက်သင့်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ်ချစ်ခင်ဖို့ မမေ့ဘဲ အိပ်ချိန်၊ စားချိန်ပုံမှန်ဖြစ်အောင် နေခြင်းအားဖြင့် စိတ်လက်ကြည်လင်စေသလို ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့လဲ အရေးပါတာကြောင့် ဘယ်အချိန်မဆို မိမိကိုယ်ကို ဂရုစိုက်ချစ်ခင်သင့်ပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်တွေအပြင် ခံနိုင်ရည်တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေလဲ ရှိသေးတာကြောင့် ရှာဖွေဖတ်ရူပြီး လုပ်ဆောင်ကြည့်လို့ရပါတယ်ရှင့်။

ခံနိုင်ရည်ရှိလာတဲ့အခါမှာတော့ –

  • အကောင်းအဆိုးဘယ်အရာမဆို ကြုံလာရတဲ့အခါ လိုက်လျောညီထွေနေထိုင်တတ်ပြီး အာရုံစူးစိုက်မှုရှိစွာ ဖြေရှင်းတတ်လာခြင်း။
  • မသေချာမရေရာတဲ့ အခြေအနေနဲ့ စွန့်စားမှုတွေကို စိုးရိမ်ကြောက်လန့်စိတ်နည်းပါးခြင်း။
  • ဒေါသနဲ့ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်လာခြင်း။
  • မိမိကိုယ်ကို လေးစားမှု မြင့်မားလာပြီး ကောင်းမွန်သောအတွေးသစ်များမှတဆင့် အကြံကောင်းများရနိုင်ခြင်း။
  • မိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိခြင်း စတာတွေ ဖြစ်လာစေနိုင်ပါတယ်။

အခက်အခဲတွေကို ဖြစ်မလာအောင် တားဆီးဖို့ နည်းလမ်းမရှိပေမဲ့ ကျော်လွှားဖို့အတွက် နည်းလမ်းတွေက​ေတာ့ ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အကြပ်အတည်းတွေ ကြုံရတဲ့အခါ အချင်းချင်းဖေးမရင်း ခံနိုင်ရည်ရှိစွာနဲ့ ကျော်လွှားနိုင်ဖို့ ကြိုးစားကြသင့်ပါတယ်။