Why mental health is important?

“နယ်ပယ်အသီးသီးအတွက် အရေးပါတဲ့ စိတ်ကျန်းမာရေး”

2017ခုနှစ်က အမေရိကန်မှာ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ အရွယ်ရောက်ပြီးသူ ၅ယောက်မှာ ၁ယောက်ဟာ စိတ်ကျန်းမာရေးနဲ့ ပက်သက်ပြီး ခံစားနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘဝမှာ အရေးကြီးဆုံးက ဘာလဲ 💭

ဒီမေးခွန်းအတွက် လူတိုင်းဟာ တစ်ဦးချင်းစီရဲ့ ပန်းတိုင်၊ အမြင်နဲ့ ခံယူချက်တွေ မတူနိုင်ကြတဲ့အတွက် အဖြေအမျိုးမျိုး ကွဲပြားနေနိုင်ပါတယ်။ နေ့စဥ်ဘဝမှာ အဆင်ပြေနေစေဖို့အတွက် ကိုယ့်ခံယူချက်အလိုက် အရေးကြီးတဲ့ အရာတွေ အများကြီးရှိနေတဲ့ထဲက စိတ်ကျန်းမာရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍကိုလဲ မေ့ထားလို့ မဖြစ်ပါဘူး။

စိတ်ကျန်းမာရေး ဆိုတာကတော့ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနိုင်မှုတွေ ပါဝင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေတွေ ဟာ ကျွန်မတို့ရဲ့ခံစားပုံ၊ တွေးတောပုံနဲ့ ပြုမူပုံတွေအပေါ် သက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ဒီလိုမျိုး ကျွန်မတို့ရဲ့အတွေးတွေ၊ ပြုမူပြောဆိုပုံတွေ အပေါ်ကို လွှမ်းမိုးမှု ရှိတာကြောင့် စိတ်ကျန်းမာရေးဟာ နေ့စဥ္ဘဝမှာ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။

စိတ်ကျန်းမာရေးကို ဂရုစိုက်သင့်ကြောင်း ဖော်ပြနေတဲ့ အခြေအနေ (၆)ခု

⭐စိတ်ကျန်းမာရေးနဲ့ ပေါင်းသင်းဆက်ဆံရေး

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေဟာ ဆက်စပ်လျက်ရှိပြီး အဓိကကျတဲ့ အချက်တစ်ချက်လဲ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေး အဆင်မပြေတဲ့အခါ ရန်လိုမှု့တွေ၊ စိတ်မရှည်မှု့တွေနဲ့ လူမှု့ဆက်ဆံရေးတွေကို ဖယ်ခွာတတ်လာတာကြောင့် ကိုယ်နဲ့ မိဘ၊ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ကြားမှာရှိတဲ့ ဆက်ဆံမှု့တွေကို အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။

⭐စိတ်ကျန်းမာရေး ကြောင့် ထိခိုက်စေနိုင်တဲ့ ကိုယ်ကျန်းမာရေး

ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ ဆက်စပ်လျက်ရှိပြီး စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှု့တွေကြောင့် စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေပြီး ကိုယ်ခံအားစနစ်တွေအပေါ် သက်ရောက်မှု ဖြစ်စေပါတယ်။ ဒီလိုသက်ရောက်မှုတွေကြောင့် ဖျားနာမှုကို ခံနိုင်ရှည်မရှိတော့ဘဲ ခန္ဓာကိုယ်ကို ဖျားနာထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် မကျန်းမာတဲ့စိတ်ဟာ စိုးရိမ်မှုတွေနဲ့ ဝမ်းနည်းမှုတွေကို ဖြစ်စေတာကြောင့် ကိုယ်ခန္ဓာကျန်းမာရေးအပေါ် ထိခိုက်မှုတွေ များစွာ ရှိနိုင်ပါတယ်။ စိတ်နဲ့ကိုယ် ဆက်စပ်နေတာကို သတိပြုပြီး ၂ခုစလုံး မျှတအောင် နေထိုင်နိုင်ဖို့လ ဲ အရေးကြီးပါတယ်။

⭐စိတ်ခံစားမှုဆိုင်ရာ သုခချမ်းသာနဲ့ စိတ်ကျန်းမာရေး

အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေဟာ စိတ်တိုခြင်း၊ စိတ်ပျက်ခြင်း စတာတွေကို ခံစားရစေနိုင်ပါတယ်။(ဥပမာ- ငါကတော့ ဒီကိစ္စကို အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး) စသဖြင့်။
ဒါ့ကြောင့် ကျွန်မတို့ရဲ့ နေ့စဥ် စိတ်ခံစားမှုတွေဟာလဲ အရေးကြီးတာကြောင့် အပြုသဘောဆောင်တဲ့ အတွေးနဲ့ စိတ်ခံစားမှတွေ ရရှိဖို့ ဂရုပြုသင့်ပါတယ်။

⭐ရာဇဝတ်မှု၊ နှိပ်စက်ခံရမှု အခြေအနေများ

အချို့သော လေ့လာတွေ့ရှိချက်တွေအရ စိတ်ကျန်းမာရေးချို့ယွင်းခြင်းဟာ ရာဇဝတ်မှု ကျုးလွန်ဖို့ တွန်းအားပေးတဲ့ အခြေအနေတစ်ခု ဖြစ်စေပါတယ်။ ဒါ့အပြင် စိတ်အဆင်မပြေမှုတွေကြောင့် မိမိကိုယ်ကို နာကျင်အောင် ပြုလုပ်တာတွေ၊ နှိပ်စက်ခံရတာတွေ၊ လျစ်လျူရူခံရတာတွေနဲ့ ခွဲခြားဆက်ခံခံရတဲ့ အပြုအမူတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုကြုံတွေ့ရတဲ့သူတွေဟာ အထီးကျန်စွာ ဖြတ်သန်းလာရပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ ခက်ခဲစေပြီး အဆင်မပြေမှုတွေကို ခံစားရနိုင်ပါတယ်။

⭐အလုပ်ခွင်နဲ့ ငွေကြေးအပေါ် သက်ရောက်မှု

စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးတဲ့ အချက်တွေထဲက တစ်ချက်ကတော့ အလုပ်လုပ်နိုင်စွမ်းနဲ့ ငွေကြေးလုံခြုံမှုပဲ ဖြစ်ပါတယ်။ Americaမှာ ရှိတဲ့ ဂျာနယ်တစ်ခုရဲ့ စစ်တမ်းအရ ပြင်းထန်တဲ့ စိတ်ရောဂါ ရှိသူတွေဟာ စိတ်ကျန်းမာရေး ကောင်းမွန်သူရဲ့ ဝင်ငွေထက် ၄၀ရာခိုင်နှုန်း လျော့နည်းကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် WHO ရဲ့ စစ်တမ်းအရး စိတ်ဓာတ်ကျခြင်းတစ်ခုတည်းကြောင့် အလုပ်ချိန်နာရီပေါင်း သန်း၂၀၀ကျော် ဆုံးရှုံးနေရတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုမျိုး စိတ်ကျန်းမာရေးအခြေအနေတွေဟာ အလုပ်လုပ်နိုင်စွမ်းနဲ့ ငွေကြေးစီမံနိုင်စွမ်းတွေအပေါ် မူတည်တာကြောင့် စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမဲ့ အရာတွေကို ဂရုစိုက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

⭐နေထိုင်မှု ဘဝပုံစံအပေါ်သက်ရောက်မှု

စိတ်ကျန်းမာရေး အဆင်မပြေမှုတွေကြောင့် နေ့စဥ်လုပ်ဆောင်နေကြ အရာတွေနဲ့ စိတ်ဝင်စားခဲ့တဲ့ အရာတွေကို ဆက်လက်လုပ်ဆောင်လိုစိတ် လျော့နည်းသွားစေပါတယ်။ ဒီအခြေအနေတွေကို ပြန်လည်ထိန်းချုပ်ခြင်း၊ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ဆွေးနွေးခြင်း မရှိတဲ့အခါ မျှော်လင့်ချက်မရှိတော့ခြင်း၊ ဝမ်းနည်းပူဆွေးလွယ်ခြင်း၊ စိုးရိမ်ပူပန်မှု မြင့်တက်ခြင်း၊ လိပ်ပြာမလုံဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့ကျခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

အပေါ်က ဖော်ပြခဲ့တဲ့ အချက်တွေအရ စိတ်ကျန်းမာရေးဟာ အရေးကြီးတာကြောင့် စိတ်ကျန်းမာ ေရးကို အထောက်အကူဖြစ်စေမဲ့ အရာတွေကို ဂရုတစိုက်နဲ့ လုပ်ဆောင်သင့်ပါတယ်။

🦋စိတ်ကျန်းမာရေးအတွက် အထောက်အကူနည်းလမ်းများ

စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ နည်းလမ်းများစွာရှိတဲ့ထဲကမှ နည်းလမ်း တချို့ကတော့ –

  • Journaling ပြုလုပ်ခြင်း၊ သို့မဟုတ် စိတ်တည်ငြိမ်ဖို့ အထောက်အကူဖြစ်စေတဲ့ ဝါသနာပါရာ တစ်ခုခု ပြုလုပ်ခြင်း
  • သင့်တော်ရာ ကုထုံးရှာဖွေခြင်း
  • တရားထိုင်ခြင်း
  • ယောဂ ကျင့်ခြင်း/ မပြင်းထန်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
  • ပတ်ဝန်းကျင်နဲ့ ထိတွေ့ပြောဆိုဆက်ဆံခြင်း…စတာတွေပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းတွေထဲကမှ ကိုယ်အဆင်ပြေမဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်လို့ ရပါတယ်။

တကယ်လို့ ကိုယ့်ရဲ့နေ့စဥ္ဘဝတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိတော့ခြင်းနဲ့ တစ်စုံတစ်ခုသော အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှု့တွေ ဖြစ်လာတဲ့အခါ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ စိတ်ကျန်းမာရေးအခြေအနေ အနိမ့်အမြင့်တွေဟာ ဘဝတစ်လျောက်လုံး ကြုံတွေ့နေရမှာ ဖြစ်လို့ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ စိတ်ကျန်းမာရေးနဲ့ပက်သက်တဲ့ ဗဟုသုတတွေကိုလဲ လေ့လာမှတ်သားပြီး မိမိကိုယ်ကိုသာမက ပတ်ဝန်းကျင်ကိုပါ ဂရုစိုက်နိုင်ပါတယ်။