What is parenting education?

* Parenting Education ဆိုတာ ဘယ်လိုမျိုးလဲ…? မိဘတွေအတွက်ရော ဘယ်လောက်ထိ အရေးပါလဲ…?
ကျမတို့ လူသားတွေရဲ့ ဖြစ်တည်မှုမှာ ကလေးတွေက မိဘတွေကို ရွေးချယ်လို့ မရပါဘူး။ ဒါပေမယ့် မိဘတွေကတော့ မိမိသားသမီးတွေကို လူ့လောကမှာ သူနေထိုင် ဖြတ်သန်းရမယ့် ဘဝအတွက် ကောင်းမွန်စွာနှင့် လူ့ဘဝမှာ နေပျော်တဲ့ လူသားလေးတယောက်အဖြစ် မိဘတွေက ကူညီပေးလို့ရပါတယ်။ ဒါကြောင့် မိဘများအနေနှင့်ရော သားသမီးယူမည့်သူများအတွက်ရော “Parenting Education “ဆိုတာကို လေ့လာသင်ယူထားဖို့ လိုအပ်ပါတယ်။သားသမီး မယူခင် အရင်လေ့လာထားရင်တော့ ပိုပြီး ပြီးပြည့်စုံစေတာပေါ့။

* Parenting Education  ဆိုတာကတော့ အပြုသဘောဆောင်သော စည်းကမ်းနည်းလမ်းများကို ပြုစုပျိုးထောင်ခြင်း၊လေ့ကျင့်ခြင်း၊အသက်အရွယ်အလိုက် ကလေးဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်များ(child development skills) နှင့် milestones များကို သင်ယူခြင်း၊ မိဘနှင့် ကလေးများကြား အပြုသဘောဆောင်သော ကစားနည်းများနှင့် အပြန်အလှန်အကျိုးသက်ရောက်မှုများကို မြှင့်တင်ပေးခြင်းနှင့် မိဘများအတွက် မိဘပညာပေးအစီစဉ်များကို မြှင့်တင်ပေးခြင်းပဲ ဖြစ်ပါတယ်။

* Parenting Education ကို လေ့လာရန်အတွက် ဘာကြောင့်အရေးကြီးသလဲဆိုရင်တော့ ငယ်စဉ်ဘဝကနေ ကြီးပြင်းလာရတဲ့အခါ ကျမတို့ရဲ့ မိဘများ အုပ်ချုပ်မှုပုံစံက ကျမတို့အားလုံးမှာ အနည်းနှင့်အများ လွှမ်းမိုးမှုကို ခံကြရပါတယ်။ ယခင် ခေတ်ကာလတွေမှာ နည်းပညာမဖွံ့ဖြိုးခြင်း၊ လေ့လာရန် အခက်ခဲ ရှိခြင်း စသည့်အချက်များကြောင့် ကျမတို့ မိဘတွေအနေနှင့် Parenting Education ဆိုပြီး သီးသန့်လေ့လာသင်ယူခဲ့ရတာမျိုး အင်မတန်မှ နည်းပါးပါလိမ့်မယ်။ ကျမတို့ရဲ့ မိဘတွေကလည်း သူတို့ရဲ့ မိဘပြုစုထိန်းကျောင်းမှုပုံစံတွေကို ပုံတူကူးပြီး ကျမတို့အပေါ်မှာ ပြန်လည်ပြုစုအုပ်ချုပ်တဲ့ ပုံစံမျိုးကို ပြုလုပ်နိုင်ပါတယ်။ မှားခဲ့တဲ့အရာတွေဆိုတာထက် နည်းလမ်းမမှန်ကန်သော မသင့်လျော်သော ပြုစုစောင့်ရှောက်ပေးမှု ပုံစံတွေ ပါကောင်း ပါလာပါလိမ့်မယ်။ ဒါကလည်း မိဘများရဲ့ အပြစ်လို့ မယူဆစေလိုပါ။

* ဥပမာ – သားသမီး (၃)ယောက် ရှိသည့်အနက် ဒုတိယမြောက်ကလေးသည် ပထမနှင့်တတိယကလေးလောက် ပညာရေးမှာ မထူးချွန်သည့်အခါ မိဘက ဒုတိမြောက်ကလေးကို ပထမကလေးနှင့်တတိယကလေးလောက် “ မင်းက မတော်ဘူး၊မလိမ္မာဘူး ကိုကိုနှင့် ညီမလေးက စာတော်တယ် လိမ္မာတယ် “ဆိုတဲ့ နှိုင်းယှဉ်ပြောဆိုချက်ဟာ ကလေးကို စိတ်ဒဏ်ရာ ရစေပါတယ်။ မိဘကတော့ မခံချင်စိတ်နှင့် ကလေးကို ကြိုးစားလာစေချင်တဲ့ စေတနာကြောင့် ပြောလိုက်ပေမယ့် ကလေးရဲ့ စိတ်ထဲမှာ သူ့ကိုယ်သူ “ ငါက မတော်ဘူး ၊ညံ့တယ်၊မလိမ္မာဘူး”ဆိုတဲ့ အတွေးမျိုး ဝင်သွားနိုင်သလို ပထမနှင့် ဒုတိယ ကလေးအပေါ်မှာလည်း မနာလိုစိတ်ဆိုတာ ဖြစ်နိုင်ပြီး နောက်ဆက်တွဲမှာတော့ ကြီးလာတဲ့အထိ စိတ်ဒဏ်ရာ ရစေပါတယ်။

ဒီနေရာမှာ မိဘက မိမိကလေးကို စာကြိုးစားစေချင်တယ်ဆိုရင် …သူ အတန်းထဲမှာ ဘယ်ဘာသာရပ်ကို မလိုက်နိုင်လဲ…သူ့မှာ ဘာတွေ အခက်အခဲ ကြုံတွေ့နေရလဲ…သူ့ရဲ့ မှတ်ဥာဏ်စွမ်းအားကရော ဘယ်လောက်ထိ ရှိလဲ …ဒါတွေကို မိဘက အရင်ဆုံး သိအောင် ကလေးကို လေ့လာရမှာဖြစ်ပြီး အဖြေသိသွားတဲ့အခါမှာ မိဘက ကလေးကို ကြိုးစားချင်ဖြစ်လာအောင် သေချာ ပြောဆိုဆွေးနွေး ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို စကာစပြောဆိုဆက်ဆံတဲ့အခါမှာလည်း စကားလုံး တလုံးရဲ့ အဓိပ္ပာယ်ကအစ သေချာ ဂရုစိုက် သတိပြုဖို့လည်း အရေးကြီးပါတယ်။ သူ ခံစားတတ်မှာ မဟုတ်ဘူး ကလေးပဲ ရှိသေးတယ် ဒါတွေ နားမလည်သေးဘူးလို့ မိမိကလေးကို မထင်လိုက်ပါနဲ့။ သူ့အရွယ်နှင့်သူ သူတို့ရဲ့ဘဝ ဖြတ်နေရတဲ့အချိန်တွေမှာ သူတို့ရဲ့ သိမှုဖွံ့ဖြိုးမှု စတာတွေကိုလည်း ကျော်ဖြတ်နေကြရတဲ့ သူတို့အခက်ခဲနှင့် သူတို့လည်း ရှိနေပါတယ်။ ဒါကြောင့် မိဘများအနေနှင့် မိမိရဲ့ကလေးကို ပြုစုပျိုးထောင်ပေးရာမှာ ထိလွယ်ရှလွယ်တဲ့ ဖြူလွလွ ပန်းပွင့်လေးတွေကို ဂရုစိုက်ပေးရသလိုမျိုး မိမိရဲ့ ကလေး physical and mental development အတွက်ကိုလည်း သေချာဂရုစိုက်ပြုစုပေးနိုင်မယ်ဆိုရင်တော့ ကလေးဘဝအတွက် အကောင်းဆုံး ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ အဓိက-ကအနေနှင့်ကတော့ မိဘတွေ ပိုပြီး စိတ်ရှည်ပေးဖို့လည်း အရေးကြီးပါတယ်။

* 4 types of parenting style ဆိုပြီး ကလေးပြုစုစောင့်ရှောက်မှုပုံစံ လေးမျိုးအကြောင်းကို အကျဉ်းချုံး ဖော်ပြပေးလိုပါတယ်။

  1. Authoritarian Parenting Style
    ယခု Parenting style ကတော့ မိဘများက သားသမီးတွေအပေါ်မှာ တင်းကြပ်စွာ အုပ်ချုပ်ပြီး စည်းမျဉ်းစည်းကမ်းတွေ များလွန်းသော ပုံစံဖြင့်အုပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ မြေတောင်မြှောက်အားပေးခြင်းမရှိဘဲ ပြုစုအားပေးခြင်းလည်း မရှိပါ။သားသမီးနှင့်မိဘကြားမှာ မိဘက ချမှတ်ထားသော စည်းကမ်းမျာစသည်သာ အဓိက ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းများကို မလိုက်နာပါက အပြစ်ပေးခြင်းသာ ရှိပြီး လိုက်နာပါက ဆုပေးခြင်း စနစ်မရှိပါ။ မိဘနဲ့သားသမီး ကြားဆက်ဆံရေး ပုံစံကတော့ ပျော့ပြောင်းမှု အနည်းငယ်မျှသာ ရှိပြီး မိဘများအနေနှင့် သားသမီးအပေါ်မှာ မျှော်လင့်ချက် ထားလွန်းအားကြီးခြင်းပဲ ဖြစ်ပါတယ်။
  2. Authoritative Parenting Style
    ယခု Parenting style ကတော့ မိဘများက သားသမီးတွေအပေါ်မှာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားသော်လည်း နွေးထွေးစွာ ဆက်ဆံပေးခြင်း ရှိပါတယ်။ “ဆုပေး ဒဏ်ပေး” စနစ်လို့ ပြောဆိုလို့ ရပါတယ်။စည်းကမ်းများ မလိုက်နာလျှင် အပြစ်ပေးပြီး လိုက်နာလျှင် ဆုပေးတဲ့ပုံစံမျိုးပဲ ဖြစ်ပါတယ်။ မိဘများအနှေင့် ချမှတ်ထားတဲ့ စည်းကမ်းနှင့် မျှော်လင့်ချက်ထားမှုတွေက ကျိုးသင့်ကြောင့် ဖြစ်ပြီး ရှင်းလင်းစွာ ချမှန် သတ်မှတ်ထားပါတယ်။ သားသမီးနှင့် မိဘကြားဆက်ဆံရေးကတော့ နွေးထွေးပြီး အပြန်အလှန် ဆွေးနွေး ပြောဆိုလို့ ရတဲ့ပုံစံမျိုးပဲ ဖြစ်ပါတယ်။
  3. Permissive Parenting Style
    ယခု Parenting style ကတော့ မိဘများက သားသမီးများကို ဂရုစိုက်ပေးခြင်း ရှိသော်လည်း စည်းမျဉ်းစည်းကမ်း ချမှတ်ထားခြင်း သတ်မှတ်ထားခြင်းမရှိပါ။ မိဘနှင့် သားသမီးဆက်ဆံရေးက ရင်းနှီးဖော်ရွေလွန်းတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ မိဘကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းမရှိတဲ့အတွက် ကလေးက သူ့သဘောသူ့ဆန္ဒနှင့်သာလျှင် ကိစ္စတိုင်းကို ပြုမူဆောင်ရွက်ပါတယ်။ မိဘများအနေနှင့် သားသမီးအပေါ် မျှော်လင့်ချက်ထားရှိမှုက မရှိသလောက် နည်းပါးပါတယ်။
  4. Uninvolved Parenting Style
    ယခု parenting style တော့ မိဘများက သားသမီးများကို (လုံးဝ)ဂရုစိုက်ပေးခြင်း မရှိပါ။( neglectful parents ပုံစံမျိုး ဖြစ်ပါတယ်။) တိကျတဲ့ စည်းမျဉ်းစည်းကမ်းများ မချမှတ်ထားတဲ့အတွက် မိဘနှင့်ကလေးကြားက ဆက်ဆံရေးမှာ လစ်ဟာမှုတွေ ရှိပါတယ်။ မိဘများက သာသမီးတွေ အပေါ်မှာ မျှော်လင့်ချက်(လုံးဝ) မရှိပါ။
    ထိန်းချုပ်မှု ပုံစံတွေ ကွဲပြားသွားတာနှင့် ကလေးများရဲ့ကြီးပြင်းလာရတဲ့ ပုံစံတွေလည်း မတူညီသလို အတွေးအခေါ် အပြုအမူတွေလည်း မတူညီကြပါ။ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုဟာ သူတို့ရဲ့ မိဘတွေအပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနှင့် မိမိရဲ့သားသမီးတွေအပေါ် ပြုစုစောင့်လျှောက်ပေးမှုပုံစံက မှန်ကန်နေဖို့လည်း အရေးကြီးပါတယ်။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် အပြုမူပိုင်းဆိုင်ရာ ဖွံဖြိုးမှုတွေဟာ ပုံစံကွဲပြားသွားတာနှင့် ဘယ်လိုပုံစံလေးတွေ ပြောင်းလဲတတ်လဲ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိတာလဲဆိုတဲ့ “4 types of parenting style” နှင့် ပတ်သက်ပြီး တခုခြင်းဆီကို အသေးစိတ်ပြန်လည် ဖော်ပြပေးပါမယ်။

မိမိကရော ကိုယ့်သားသမီးကို ဘယ်လို parenting style နှင့် အုပ်ချုပ်နေမိလဲဆိုတာကို comment မှာ ဝေမျှပေးသွားပါဦးနော်။