3 Types of Boundaries

ကိုယ့်ရဲ့ Personal Space အတွက် စည်းတွေဘောင်တွေ ထားပြီး ပြုမူဆက်ဆံတာဟာ အတ္တကြီးတာ မဟုတ်ပါဘူး။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း လူသားတွေဟာ မတူညီမှုတွေနဲ့ နေထိုင်ကြတဲ့အလျောက် တချို့ဟာ သူတစ်ပါးက ကိစ္စတစ်ခု ဆောင်ရွက်ခိုင်းတိုင်း ‘Yes’ ဆိုပြီး အမြဲ ခေါင်းခံလေ့ရှိကြသလို တချို့ကတော့ သူတို့အတွက် အနည်းငယ် အဆင်မပြေလိုက်ရုံနဲ့ ရွေးချယ်စရာ နည်းလမ်းတွေရှိနေပေမဲ့လည်း ဆက်ဆံရေးတွေကို အလွယ်တကူ ဖြတ်တောက်နိုင်ကြပါတယ်။ ဒီ (၂)မျိုးစလုံးဟာ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့စိတ်ပိုင်းဆိုင်ရာအပြင် လက်ဆင့်ကမ်းသယ်ဆောင်မဲ့ မျိုးဆက်တွေအတွက်ပါ သင့်လျော်တဲ့ စည်းဘောင်တွေ ဖြစ်ကြရဲ့လား💭

Personal Boundariesဆိုတာကတော့ ပေါင်းသင်းဆက်ဆံရေးတွေမှာ ကိုယ်တိုင်သတ်မှတ်ပြီး စည်းချထားတဲ့ အရာပဲ ဖြစ်ပါတယ်။ ဥပမာ- ကိုယ်မကြိုက်တဲ့အရာဖြစ်တဲ့ ကျောအထုခံရတာကို သူငယ်ချင်းက စကားပြောရင်း ရယ်ရင်း ထုလိုက်တဲ့အခါ နာသည်ဖြစ်စေ မနာသည်ဖြစ်စေ ကိုယ်မကြိုက်ကြောင်းပြောပြပြီး နောက်မလုပ်ဖို့ ညှိနှိုင်းပြောဆိုတာဟာ ဘယ်လောက်ခင်ခင် စည်းချပြီး ဆက်ဆံလိုက်တာမျိုးပဲ ဖြစ်ပါတယ်။

Personal Boundariesမှာ (၃)မျိုးရှိပြီးတော့-

  1. Rigid Boundaries (တင်းကြပ်လွန်းသော စည်းများ)
  2. Porous Boundaries (လျော့ရဲလွန်းသော စည်းများ)
  3. Healthy Boundaries (လိုက်လျောညီထွေဖြစ်သော စည်းများ) ….စသည်တို့ ဖြစ်ပါတယ်။

🟥Rigid Boundaries
ပြဿနာတွေ ရှိနေရင်တောင်မှ အမြဲလိုလို တစ်ယောက်တည်း ဖြေရှင်းဖို့ ကြိုးစားတတ်ပြီး၊ အခက်အခဲ ရှိနေရင်တောင် မပြောပြဘဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာပါလေ ဆိုတဲ့ အမြင်နဲ့ တင်းကြပ်လွန်းတဲ့ စည်းတွေ ချပြီးနေတာမျိုးဟာ Rigid Boundaries ပဲ ဖြစ်ပါတယ်။ Rigid Boundaries ချဖို့ ဖိအားဖြစ်စေတဲ့ အရာကတော့ တစ်ဖက်လူတွေရဲ့ ငြင်းပယ်ခံရမှာကို ကြောက်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် ဒီစည်းမျဥ်းတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကာပေးထားတဲ့ အရာတစ်ခုလဲ ဖြစ်ပါတယ်။

🟥Porous Boundaries
ဒီစည်းမျဥ်းကိုပဲ လက်ကိုင်ထားတဲ့ သူတွေကတော့ Boundariesဆိုတာ မရှိသလောက် နည်းပါးတာကြောင့် မရင်းနှီးတဲ့ သာမန်သူစိမ်းကိုတောင် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေး လို့သတ်မှတ်ရမဲ့ အရာတွေပါမချန်ဘဲ ထုတ်ဖော် ပြောပြတတ်ကြပါတယ်။ Hyper Empathy Syndrome ဖြစ်နေသလား ထင်ရလောက်တဲ့ထိလဲ သူများတွေရဲ့ ပြဿနာတွေမှာလည်း ပါဝင်ပက်သက်တတ်ကြပါတယ်။ သူများတွေရဲ့ ပြဿနာနဲ့ အခက်အခဲတွေအတွက် တာဝန်ရှိတယ်လို့ ခံစားရပြီး လိပ်ပြာမလုံလဲ ဖြစ်တတ်ကြပါတယ်။ ဒါ့အပြင် တခြားသူက တစ်စုံတစ်ခု လုပ်ခိုင်းတိုင်းလဲ “No” လို့ ပြောဖို့ ဝန်လေးတာကြောင့် မနိုင်ဝန်တွေပိရင်း စိတ်ဖိစီးတတ်ကြရပါတယ်။ Porous Boundariesအမျိုးအစားပဲ ထားတတ်တဲ့ သူတွေဟာ အလွဲသုံးစားပြုလုပ်ခံရခြင်းနဲ့ မချေမငံဆက်ဆံခံရခြင်း စတာတွေကိုပါ ခံစားရတတ်ကြပါတယ်။

🟥Healthy Boundaries
ကျန်းမာပြီး လိုက်လျောညီထွေဖြစ်တဲ့ စည်းတွေချပြီး နေထိုင်ကြတဲ့သူတွေဟာ မျှတမှုရှိရှိ တွေးတတ်ကြပြီး ကိုယ်တိုင်နဲ့ တခြားသူရဲ့ တန်ဖိုးကို သိရှိနားလည်တာကြောင့် အခြေအနေပေါ်မူတည်ပြီး စည်းတွေဘောင်တွေကို အပြောင်းအလဲ လုပ်နိုင်ကြပါတယ်။ ကိုယ့်အတွက် မတတ်နိုင်ဘူးလို့ ထင်ရတဲ့ ကိစ္စတွေကို တစ်ယောက်ယောက်က လာခိုင်းတဲ့အခါမှာ စိတ်မသက်မသာ မဖြစ်ဘဲ “No” လို့ ပြောတတ်ပြီး ကိုယ်တိုင် အခြားသူဆီကနေ “No” လို့ ကြားရရင်လဲ တစ်ဖက်ကို လေးစားမှုရှိပြီး နားလည်လက်ခံတာဟာ Healthy Boundariesပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး လိုက်လျောညီထွေဖြစ်တဲ့ Boundariesတွေ ချမှတ်ပြီး နေထိုင်နိုင်တဲ့သူတွေဟာ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို တည်ဆောက်နိုင်ကြပါတယ်။ ဒါဟာ အများအားဖြင့် Self Esteem မြင့်ပြီး ကိုယ့်ရဲ့ တန်ဖိုးနဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို ယုံကြည်ချက်မြင့်မားခြင်းတွေကနေ ဖြစ်လာစေပါတယ်။

🍄Boundaries (၃)မျိုးကို ကြည့်ခြင်းအားဖြင့် Healthy Boundariesကို နေ့စဥ္ဘဝရဲ့ နယ်ပယ်တွေမှာ အသုံးချသင့်တာမှန်ပေမဲ့ မတူညီတဲ့ နယ်ပယ်တွေအတွက်တော့ Boundariesတွေဟာ ကွဲလွဲနေအုံးမှာ အနည်းနဲ့အများပါပဲ။ ဥပမာ- Complainတက်ခွင့်မရှိတဲ့ အလုပ်မှာ Rigid Boundaries ရှိနိုင်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ဆိုရင် Porous Boundariesဖြစ်သွားတာမျိုးတွေလဲ ရှိနိုင်ပါတယ်။ ဒါတွေကြောင့်ပဲ ကိုယ့်ရဲ့ စည်းတွေဘောင်တွေကို ပြန်ဆန်းစစ်ပြီး အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေ နေနိုင်ဖို့ အရေးကြီးပါတယ်။

🍄ဒါ့အပြင် Healthy Boundaries ချမှတ်နိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် နားလည်ပြီး ကိုယ်ဘာလိုချင်လဲဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာတွေ အချိန်တွေအတွက် စည်းတွေ ချနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုအရေးကြီးတာကတော့ စည်းထားပြီး နေတာဟာ သူတစ်ပါးကို ထိန်းချုပ်ဖို့မဟုတ်ဘဲ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ ဆိုတာကို နားလည်ပြီး ဒီလို စည်းထားခြင်းဟာ တစ်ကိုယ်ကောင်းဆန်တာမျိုး မဟုတ်ဘူးဆိုတဲ့ အကြောင်း သိရှိဖို့ လိုအပ်ပါတယ်။

🍀ပြီးပြည့်စုံတဲ့ စိတ်ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် စည်းဘောင်ချပြီး နေတတ်တာဟာ အရေးကြီးတဲ့ အရာဖြစ်တာကြောင့် Healthy Boundaries တွေ ချနိုင်ဖို့ ကြိုးစားကြည့်ကြပါနော်။