Phobias

Phobia – အကြောက်လွန်ရောဂါ

အကြောက်လွန်ရောဂါ ( Phobia ) က လူတိုင်းမှာ ရှိနေနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ အရမ်းနေမကောင်းရင်တောင် ဆေးထိုးရမှာကို တွန့်ဆုတ်နေတာမျိုး။ တချို့တွေ ဖားမြင်ရင်သေမလောက်ကြောက်လန့်ရပြီး သတိလစ်တဲ့အထိဖြစ်တာမျိုး။ ခွေးတွေ့ရင် အနားတောင် မကပ်ရဲတာမျိုး။ သွေးမြင်ရင် မူးလဲတာမျိုး။ ဒါတွေက အပိုဟန်လုပ်ပြီး အဖြစ်သည်းနေတာတွေမဟုတ်ကြပါဘူး။ အကြောက်တရားဆိုတာလူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် တချို့သောသူတွေမှာတော့ အထူးအထွေ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်နေတတ်ပါတယ်။

အကြောက်လွန်ရောဂါကို Phobia လို့သုံးနှုန်းပါတယ်။ Phobia ရှိနေသူ တစ်ယောက်ဟာ သူတို့ကြောက်ရွံတဲ့အရာတွေနဲ့ ပတ်သက်လာရင် ဘာဆိုဘာမှ မလုပ်ရဲ၊ မကိုင်ရဲကြပါဘူး။ ကြောက်ရွံမှုရဲ့ အကျိုးဆက်ကြောင့် ပြင်းထန်စွာထိခိုက်နာကျင်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ အလုပ်တွေ၊ ကျောင်းတွေမှာ လုပ်ငန်းစွမ်းဆောင်ရည်တွေလျော့ကျစေလာနိုင်သလို လူမှုပတ်ဝန်းကျင်မှာလည်းနည်းအမျိုးမျိုးနဲ့ ထိခိုက်လာနိုင်ပါတယ်။

Phobia ဘာကြောင့်ဖြစ်ရသလဲ?

မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကြောင့်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရသူ တစ်ယောက်ယောက် မိမိဆွေမျိုးထဲမှာ ရှိခဲ့မယ်ဆိုရင်လည်း အကြောက်လွန်ရောဂါခံစားရနိုင်ပါတယ်။ မိမိမျက်စိရှေ့မှာ ရေနစ်ခြင်းကဲ့သို့သောကြောက်မက်ဖွယ်ဖြစ်ရပ်တစ်မျိုးမျိုး ကြုံတွေ့ခဲ့ဖူးရင်လည်း Phobia ရောဂါ ခံစားသွားရနိုင်ပါတယ်။ ဦးခေါင်းထိခိုက်မှုပြင်းထန်စွာခံစားရပြီးနောက်ပိုင်းမှာလည်း Phobia ရောဂါတင်ကျန်ခဲ့နိုင်ပါသေးတယ်။ ထို့အတူပါပဲ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ပွားနေခြင်းတွေကလည်း အကြောက်လွန်ရောဂါဖြစ်ပွားဖို့ အတွက်လမ်းစတေွပါပဲ။

Phobias (အကြောက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ?

အကြောက်လွန်ခြင်း အများစုကတော့ ပျိုဖော်ချိန်မှာ အဖြစ်များပြီး တိရစ္ဆာန်တွေ၊ သွေးတွေ၊ မုန်တိုင်းနှင့် ရေကြောက်တာတွေက ကလေးဘဝမှာ စဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး အကြောက်လွန်ကဲတတ်ပါတယ်။

ပထမဦးစွာအကြောက်လွန်ရောဂါရဲ့ လက္ခဏာတွေကိုပြောပြချင်ပါတယ်။

  • နှလုံးခုန်နှုန်းဟာသိသိသာသာမြန်လာမယ်
  • အသက်ရှူကျပ်လာမယ်
  • စကားပြောမြန်လာမယ် (သို့) စကားမပြောနိုင်တော့ဘူး
  • အာတွေခြောက်လာမယ်
  • အစာအိမ်နာကျင်လာမယ်
  • ပျို့ချင်အန်ချင်လာမယ်
  • တစ်ကိုယ်လုံးတုန်ရီလာမယ်
  • ရင်ဘတ်အောင့်လာမယ်
  • ရင်ကျပ်လာမယ်
  • လည်ပင်းအစ်သလိုမွန်းမွန်းကျပ်ကျပ်ခံစားရမယ်
  • ခေါင်းမူးဝေလာမယ်
  • အလွန်အမင်းချွေးထွက်လာမယ်
  • သွေးပျက်ခြောက်ခြားလာတာမျိုးတွေကြုံလာရတတ်ပါတယ်။

အကြောက်လွန်ရောဂါအချို့ကို ဗဟုသုတအနေနဲ့ဖော်ပြပေးချင်ပါတယ်။

Glossophobia : ဒါကတော့လူရှေ့သူရှေ့ထွက်စကားပြောရမှာကြောက်တဲ့ရောဂါပါ။
မဖြစ်မနေပြောရတော့မယ် ဆိုရင်လည်းအထက်ဖော်ပြပါ လက္ခဏာတွေ ခံစားလာရမှာပါ။ လူရှေ့ထွက်ရမှာကိုတော့ လူတိုင်းလိုလိုစိတ်လှုပ်ရှားတတ်ကြပါတယ်။ သို့သော်လည်း Glossophobia ကတော့ တရားလွန်ကြောက်ရွံ့တာမျိုးကိုဆိုလိုတာပါ။

Acrophobia : အမြင့်ကြောက် Phobia ရောဂါပါ။ Acrophobia ရှိသူတွေဟာ သာမန်အားဖြင့် တောင်တန်းတွေ၊ တံတားတွေနဲ့မြင့်မားတဲ့အဆောက်အဦးတွေကို ရှောင်ကြပါတယ်။ အမြင့်ပေါ်ရောက်တဲ့အခါ မူးဝေအော့အန်ခြင်း၊ ချွေးစေးပြန်ခြင်းနဲ့ သတိလစ်မေ့မြောတဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။

Aviophobia : အမြင့်ပေါ်မှာပျံသန်းရတာ ကြောက်တဲ့ရောဂါပါ။ လေယာဉ်ပျံ မစီးရဲလောက်အောင် ဖြစ်တတ်ပါတယ်။

Claustrophobia : အလုံပိတ်အခန်းတွေကို ကြောက်တဲ့ရောဂါပါ။ ကားအလုံပိတ်စီးတာကို အင်မတန်ကြောက်ရွံ့ပါတယ်။ ဓာတ်လှေကားကိုလည်းလုံးဝမစီးနိုင်ပါဘူး။ ဓာတ်လှေကား စီးနေရတဲ့အချိန်ခဏလေးကိုတောင် သည်းမခံနိုင်လောက်အောင်ကြောက်နေတတ်ပါတယ်။

Dentophobia : ဒါကတော့ သွားဆရာဝန်တွေနဲ့ သွားနှုတ်တဲ့ကုသမှုတွေကို ကြောက်ရွံ့တဲ့ရောဂါပါ။ အရင်က သွားနှုတ်ခဲ့ဖူးတဲ့အချိန်မှာ အလွန်နာကျင်ခဲ့ရတဲ့ အတွေ့အကြုံရှိဖူးလို့ပါ။ ဒါပေမယ့် သွားကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်လာချိန်မှာတော့ ကြောက်လို့ဆိုပြီး ရှောင်နေလို့မရပါဘူးနော်။ ဒီရောဂါကိုတော့ ကုသဖို့လိုပါလိမ့်မယ်။

Haemophobia : သွေးကြောက်တဲ့ရောဂါပါ။ သွေးမြင်ရင်ကို အလိုလိုကြောက်နေတာကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုနဲ့ကြုံတွေ့ရမှာကိုလည်းကြောက်နေတတ်ပါတယ်။ အခြားသူရဲ့သွေးကို မြင်သည်ဖြစ်စေ၊ မိမိရဲ့သွေးကိုပဲမြင်သည်ဖြစ်စေ မူးမေ့လဲသွားတတ်ကြပါတယ်။

Arachnophobia : ပင့်ကူတွေကိုကြောက်တာပါ။

Cynophobia : ခွေးအလွန်အမင်းကြောက်တဲ့ရောဂါပါ။

Ophidiophobia : မြွေကြောက်တဲ့ရောဂါပါ။ မြွေကိုတော့ လူတိုင်းကြောက်ကြပေမယ့် Ophidiophobia ရှိသူတွေကတော့ မြွေကို မမြင်မတွေ့နိုင်လောက်အောင်ကိုကြောက်တာပါ။ မြွေဆိုဖုန်းထဲက မြွေပုံတောင်မကြည့်နိုင်ပါဘူး။

Nyctophobia : အမှောင်ကြောက်တဲ့ရောဂါပါ။ ငယ်စဉ်ကတည်းကရှိနေတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ သိပ်ပြဿနာမရှိပေမယ့် ဆယ်ကျော်သက်အရွယ်ကျော်တဲ့အထိ အမှောင်ကြောက်တာဆက်ရှိနေဦးမယ်ဆိုရင်တော့ Phobia ရောဂါတွေထဲကတစ်ခုဖြစ်သွားပါပြီ။

Obesophobia : ဒါကတော့ ခုခေတ်ကောင်မလေးတွေကြောက်တဲ့Phobia ပါပဲ။ ကိုယ်အလေးချိန်တက်လာမှာကိုကြောက်တာပါ။

Astraphobia : မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများအား ကြောက်လန့်ခြင်းပါ။ မိုးရွာရင် နေစရာနေရာမရှိတော့အောင်ကို ကြောက်ရွံ့နေတာပါ။

Trypanophobia : ဆေးထိုးအပ်တွေကို မြင်တာနဲ့ကြောက်ခြင်းပါ။

Sciaphobia : အရိပ်များကို ကြောက်လန့်တဲ့ရောဂါပါ။ ကိုယ့်အရိပ်ကိုတောင် ကိုယ်ပြန်ကြောက် နေတတ်ပါတယ်။

Dromophobia : လမ်းကူးရမှာကို ကြောက်ရွံ့နေတာပါ။ မြို့ကြီးပြကြီးမှာနေဖို့တော့ မလွယ်ကူပါဘူးနော်။

Social phobia : ဒါကတော့လူတွေနဲ့ မပေါင်းသင်းမဆက်ဆံချင်တာပါ။ တချို့ဆို စားသောက်ဆိုင်မှာ စားစရာလှမ်းမှာတာမျိုး၊ ဖုန်းပြောရမှာမျိုးကိုတောင်မလုပ်ချင်ဘဲ ကြောက်ရွံ့ နေတတ်ပါတယ်။

Trypo Phobia : သူကကျ အပေါက်အပေါက်ဖြစ်နေတဲ့ပုံစံကို ကြောက်တာပါ။ ကြာစွယ်တို့လိုပုံမျိုးတွေရယ် အင်တာနက်ပေါ်မှာတွေ့ရတတ်တဲ့ လူတွေရဲ့ကိုယ်ပေါ်မှာ မိတ်ကပ်နဲ့ အပေါက်တွေ ခြယ်ထားတာမျိုး၊ ကော်ဖီအမြုပ်တွေလိုမျိုးကို ကြည့်ရင်းနဲ့ ကျက်သီးထလာပြီး ဆက်မကြည့်နိုင်တဲ့ အကြောက်တရားမျိုး ဖြစ်ပါတယ်။

Phobia ဆိုတဲ့ကြောက်ရွံ့ခြင်းတွေဟာလူတိုင်းမှာရှိနေနိုင်ပါတယ်။ ဒါကြောင့်သင့်မှာ Phobia တစ်ခုခုရှိနေရင်စိတ်မညစ်သွားပါနဲ့။ ကုသလို့ရပါတယ်။ သင့်မှာရှိတဲ့ Phobia ရောဂါဟာ အခြေအနေတစ်ခုထိတော်တော်ဆိုးဆိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့သာ အမြန်ဆုံးတိုင်ပင်သင့် ပါတယ်နော်။