Insomnia

Insomnia

Insomnia ဆိုတဲ့ အိပ်မပျော်တဲ့ရောဂါက အင်မတန်ဆိုးပါတယ်။ မဖြစ်ဘူးတဲ့သူတွေကတော့ အိပ်တာများဘာခက်လဲလို တွေးကောင်းတွေးကြလိမ့်မယ်။ ကြုံဖူးတဲ့သူမှသာ ဒီဒုက္ခကိုခံစားနားလည် နိုင်ပါတယ်။

အိပ်ပျော်ချင်နေရက်နဲ့ မပျော်တာ၊ မျက်လုံးတွေစပ်နေတဲ့အထိ အိပ်ချင်နေရက်သားနဲ့အိပ်လိုမရတာဟာ တကယ့်ကို ဒုက္ခကြီးပါတယ်။ အိပ်ပျော်ပီး ခဏခဏပြန်နိုးနေတာလည်း Insomnia ပါပဲ။ အိပ်ပျော် အောင်ကြိုးစားလေ မပျော်လေ၊ မနက်ကျရင်လုပ်စရာတွေရှိလို အိပ်မပျော်ရင်ဒုက္ခလိုတွေးလေ ပိုအိပ်မရလေ။နာရီကြည့် ဒေါသထွက်လေ ပိုအိပ်မရလေနဲ့။ သိပ်ဒုက္ခရောက် ပါတယ်၊ အိပ်ဆေးတွေသောက်လဲ လူကပိုပြီးသာ ထုံထိုင်းသွားမယ် အဲလိုဖြစ်နေတဲ့ အချိန်မှာ ဘာဆေးသောက်သောက်မအိပ်ပါဘူး။
ကြာလာတော့ လူက ဒီပရက်ရှင်ပါဝင်လာပါတယ်။ ကူကယ်ရာမဲ့လို ခံစားရပါတယ်။အလွယ်ဆုံးကိစ္စတောင်မှ ကိုယ့်အတွက်ခက်ခဲလေခြင်းဆိုပြီး စိတ်ဓာတ်လည်းကျနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်လည်း ပင်ပန်းတာသာရှိမယ် သိပ်တော့မထူးပါဘူး။

ဒီလောက်ထိ ဒုက္ခပေးနိုင်တဲ့ Insomnia ကတော့ ပုံမှန် အိပ်မပျော်တဲ့ နာတာရှည်ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ ပုံမှန်အားဖြင့် အောက်ပါလက္ခဏာတွေကို ကြုံရတတ်ပါတယ်။

  • ညဘက်မှာ အိပ်ပျော်ဖို့ခက်တာ၊
  • ညဘက်တွေဆို နိုးနေတာ ဒါမှမဟုတ် အစောကြီးနိုးနေတတ်တာ၊
  • အိပ်ပြီးပျော်သွားသည့်တိုင် အနားယူလိုက်ရသလို မခံစားရတာ၊
  • နေ့ဘက်တွေမှာ မောပန်းပြီး အိပ်ငိုက်နေတတ်တာ၊
  • စိတ်မကြည်တာမျိုး စိတ်ဓါတ်ကျတာမျိုး ဒါမှမဟုတ် စိုးရိမ်စိတ်မျိုးတွေ ဖြစ်နေတတ်တာ၊
  • အာရုံစိုက်တာ မှတ်သားတာတွေမှာ ပြဿနာရှိနေတာ၊
  • ခေါင်းကိုက်တာ၊
  • အစာအိမ်နဲ့ အူဆိုင်ရာ ပြဿနာတွေဖြစ်လာတာ၊
  • အိပ်ရမှာကို စိုးရိမ်ထိတ်လန့်လာတာတွေ ဖြစ်လေ့ရှိပါတယ်။

တကယ်လို့ ကိုယ့်မှာ ဒီလိုလက္ခဏာတွေ မရှိပဲ ပုံမှန်အခြေအနေမျိုးနဲ့ အိပ်စက်ဖို့ ခက်နေတာ၊ အိပ်မပျော်ဖြစ်နေတာဆိုရင်တော့ တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။

သုံးလအထက်ကျော်ပြီး အိပ်မပျော်ဖြစ်နေရင်တော့ နာတာရှည်ပြဿနာလို့ သတ်မှတ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကတော့

  • ရောဂါဝေဒနာကြောင့် အိပ်မပျော်ခြင်း ဥပမာ အဆစ်အမြစ်ရောင်ခြင်း၊ ခါးနာခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း
  • မူးယစ်ဆေးစွဲခြင်း
  • အိပ်နေစဉ် ရုတ်တရက် အသက်ရှူရပ်သည့်ရောဂါဖြစ်ခြင်း
  • ဆီးချိုရောဂါ စတာတွေဖြစ်ပါတယ်။
အိပ်မပျော်ခြင်းပြဿနာကို ကုသခြင်း

အိပ်မပျော်ခြင်းပြဿနာဟာ အကြောင်းအရင်းမျိုးစုံကြောင့်ဖြစ်နိုင်ပြီး ကုသဖို့နည်းလမ်းလည်း မျိုးစုံရှိပါတယ်။ အိပ်မပျော်ခြင်းပြဿနာကို နှစ်ရှည်လများ ခံစားလာရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ရှိပါတယ်။

မိမိဖာသာ လိုက်နာဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဓိကအားဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ဖြစ်ပါတယ်။

  • အိပ်ချိန် သေချာသတ်မှတ်ပါ
  • အိပ်ရာဝင်ခါနီးမှာ သက်သောင့်သက်သာဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးလုပ်ပါ
  • ပုံမှန် အိမ်မပျော်ဖြစ်နေရင် နေ့ခင်းနေ့လယ်အိပ်စက်တာမျိုး ရှောင်ကျဉ်ပါ
  • နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
  • အခန်းထဲက ပစ္စည်းတွေကို နေရာပြောင်းလဲထားကြည့်ပါ
  • သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ယာ၊ ခေါင်းအုံး၊ စောင်တွေနဲ့ အိပ်စက်ပါ
  • အိပ်ခန်းထဲမှာ တောက်ပတဲ့အလင်းမျိုး ဖွင့်မထားပါနဲ့
  • အရက်၊ ဆေးလိပ်နဲ့ ပမာဏများပြားတဲ့ အစားအစာတွေကို ညပိုင်းမှီဝဲတာမျိုးမလုပ်ပဲ ရှောင်ကျဉ်ပါ
  • အိပ်ယာဝင်ခါနီးမှာ ဖုန်း၊ တီဗီ၊ ကွန်ပျူတာ၊ တက်ဘလက် သုံးတာလျှော့ပါ
  • စိတ်လက်အေးချမ်းစေမယ့် စာမျိုးကို မိနစ် အနည်းငယ်လောက်ဖတ်ပေးပါ။

အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ လူမှုရေး၊ ကျန်းမာရေး အားလုံးနဲ့ ချိတ်ဆက်နေတာမို့ ကောင်းကောင်းအိပ်ပျော်ဖို့ လုံလုံလောက်လောက် အိပ်စက်ဖြစ်ဖို့ သိပ်အရေးကြီးပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၈ နာရီလောက် အိပ်စက်ဖြစ်ဘူးဆိုရင် နေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုတွေဖြစ်လာနိုင်တာမို့ အိပ်မပျော်တဲ့ ဝေဒနာခံစားနေရရင် အမြန်ဆုံး ပျောက်ကင်းအောင် ကုသကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင့်။