what is trolling

Trolling ဆိုတာဘာလဲ?

အင်တာနက်တွေ မပေါ်ခင်တုန်းက “Troll” ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်က ငါးမှျားချိတ်မှာ တပ်ထားတဲ့ ငါးစာ သို့မဟုတ် ထောင်ချောက်လို့ သိထားကြပါတယ်။ ဒီနေ့ခေတ်မှာတော့ “Trolling” ရဲ့အဓိပ္ပာယ်က အင်တာနက်စာမျက်နှာတွေပေါ်မှာ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကို စကားအချေအတင်ဖြစ်အောင် ရန်ဖြစ်ကြအောင်၊ စိတ်ထိခိုက်သွားအောင် ဆိုတဲ့ဆန္ဒနဲ့ အငြင်းပွားစေမယ့် အမြင်ကွဲလွဲစေမယ့် Comment တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရေးသားဖြန့်ဝေခြင်းကို ဆိုလိုပါတယ်။ ဒီလိုမျိုး comments တွေက တစ်ခါတလေ bullying လုပ်တာနဲ့ ဆင်တူတတ်ပါတယ်။ ဉပမာ- လူတစ်ဉီးတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပက်သက်ပြီးတော့ ဆိုးဆိုးရွားရွားဝေဖန်တဲ့ comment တွေရေးတာမျိုး၊ သူတစ်ပါးရဲ့အလုပ်အကိုင်ကို စော်ကားတာမျိုး၊ အမုန်းပွါးစေမယ့်စာတွေ နောက်ဆုံးပြောရရင် ချိန်းခြောက်တဲ့ message တွေပို့တာမျိုးအထိ လုပ်နိုင်ပါတယ်။ လေ့လာချက်တွေအရ အင်တာနက်အသုံးပြုသူတွေရဲ့ ၅.၆ ရာခိုင်နှုန်းက သူတို့ကိုယ်သူ Troll လုပ်တတ်တဲ့သူတွေလို့ သတ်မှတ်ထားကြပါတယ်။ ဆိုလိုတာက သူတို့ရေးလိုက်တဲ့ အမုန်းစကားတွေ၊ အဆိုးမြင်ဘက်ကရေးလိုက်တဲ့ message တွေကြောင့် လူတွေရဲ့ ဒေါသထွက်သွားတာ စိတ်အနှောက်အယှက်ဖြစ်သွားတာကို ကြိုက်နှစ်သက်ကြတဲ့လူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး လူမှုကွန်ရက်တွေမှာ Troll ရတာကို နှစ်သက်လေ့ရှိတယ်လို့ ဆိုထားပါတယ်။

သူတို့ ဘာကြောင့် Trolling လုပ်ကြတာလဲ?

ဒီလို အနိုင်ကျင့်တာမျိုးဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက Psychology နည်းအရ ပြောမယ်ဆိုရင် လူတွေက အခုချိန်မှာ အစစအရာအရာ အဆင်မပြေမှုတွေကြောင့် အဆိုးမြင်စိတ်တွေ အရမ်းများနေပြီး ကိုယ့်ရဲ့ စိတ်မကျေနပ်မှုတွေကို ထွက်ပေါက်တစ်ခုအနေနဲ့ မြင်မြင်သမှျကို အပြစ်တင်ကြတာကြောင့်ပါ။ ဒုတိယတစ်ချက်က အပျင်းပြေချင်လို့ Troll တာပါ။ ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် ပျင်းလို့ ပွဲရှာတာပေါ့နော်။ နောက်တစ်မျိုးက ကိုယ့်ကိုယ်ကို insecure ဖြစ်ပြီး ကိုယ့်ထက် အောင်မြင်နေတဲ့သူတွေ၊ ပျော်ရွှင်နေတဲ့သူတွေကို အငုံ့စိတ်နဲ့ တိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။ စစ်တမ်းကောက်ယူချက်တွေအရ Trolling လုပ်ကြတဲ့သူအများစုမှာ ” The Dark tetrad” လို့ခေါ်တဲ့ sadism, Machiavellianism, narcissism နဲ့ psychopathy ဆိုပြီး Personality လေးမျိုးရှိနေတတ်ကြပါတယ်။ ဒီ personality တွေ ရှိတဲ့သူတွေက ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်သွားတာကို စိတ်ကေျနပ်လေ့ရှိပြီး သူတို့ရဲ့လုပ်ရပ်တွေနဲ့ ပက်သက်ပြီး ကိုယ်ချင်းစာစိတ်၊ အရှက်တရားတို့ကိုလည်း ထည့်တွက်လေ့မရှိကြပါဘူး။

Trolling လုပ်ခြင်းက လူတွေကို ဘယ်လောက်အတိုင်းအတာထိ ထိခိုက်နိုင်လဲ?

ဉပမာပြောရရင် ကောင်မလေးတစ်ယောက်ရဲ့ အလှပုံအောက်မှာ “ဒူးမဲကြီးတို့……အပျိုလေးဖြစ်ပြီး ပေါင်မှာ အကြောတွေပြတ်နေတယ်” တို့ အစရှိသဖြင့် အဆိုးမြင်ဘက်က ဝေဖန်တဲ့ comment တွေက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့ ကာယကံရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာကို တော်တော်လေးထိခိုက်သွားနိုင်ပါတယ်။ လူတွေရဲ့ အဆိုးဘက်က ပြောဆိုတိုက်ခိုက်တာတွေကို ခံရပါများတော့ ငါတကယ်ပဲ ရုပ်ဆိုးနေတာလားဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းလာမယ်။ စိတ်ဓာတ်ကျလာမယ်။ နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာအထိ ဖြစ်သွားနိုင်ပါတယ်။

စိတ်မကောင်းစရာက မြန်မာနိုင်ငံမှာ Trolling လုပ်ရပ်တွေအတွက် တိုင်ကြားလို့ရမယ့်နေရာ ထိထိရောက်ရောက်အရေးယူပေးမယ့် ဉပဒေမရှိပါဘူး။ ဒါကြောင့်မလို့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ရင် အကောင်းဆုံးပါပဲ။ မိမိအနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ Hate speech တွေ hate comment တွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာတွေကို ကြုံလာရပြီဆိုရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာ အနည်းငယ် ဝေမျှပေးချင်ပါတယ်။

၁။ Negative comment တွေကို မတုံ့ပြန်ပါနဲ့။
သင့်ဘက်က ဒေါသတကြီးတုံ့ပြန်လေလေ Negative comment တွေကို ရေးတဲ့လူတွေ ကြိုက်လေလေဖြစ်ပြီး အခြေအနေက ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့်မလို့ သူတို့ကို လုံးဝ attention မပေးပါနဲ့။

၂။ ရိုင်းရိုင်းစိုင်းစိုင်း ပြောထားတာတွေကို အရမ်းကြီး လိုက်မခံစားပါနဲ့။

၃။ ကိုယ့်ကို မကောင်းပြောထားတဲ့ comment တွေကို ထပ်ခါထပ်ခါ ပြန်ဖတ်တာမျိုးကိုလည်း ရှောင်ပါ။ သင့်ကို ဒေါသပိုထွက်စေတာမလို့ပါ။ အဲဒီအစား Report လုပ်လိုက်ပါ။ Block လိုက်ပါ။

၄။ လူတိုင်းမှာ မတူညီတဲ့အမြင်တွေရှိနိုင်တယ်ဆိုတာကို နားလည်ထားပါ။
ဆိုလိုတာက Open-minded ဖြစ်ဖို့လိုပါတယ်။ သူပြောနေတာက မှန်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစတွေ့လိုက်ချင်းမှာတော့ ရိုင်းလိုက်တာလို့ ထင်ရပေမဲ့ သူ့ရဲ့ မတူညီတဲ့အမြင်ကို ပြောပြနေတာလည်း ဖြစ်နိုင်တာကြောင့် မတူညီတဲ့ အတွေးအခေါ် အမြင်တွေကို လက်ခံတတ်ဖို့ ကြိုးစားပါ။

၅။ ဆိုရှယ်မီဒီယာကနေ ခဏလောက်အနားယူလိုက်ပါ။
အွန်လိုင်းက ဘဝကြီးမဟုတ်ပါဘူး။ ကိုယ်နဲ့မသိတဲ့ သူစိမ်းတွေရဲ့ အမုန်းစကားတွေကြောင့် စိတ်ထိခိုက်နေမယ့်အစား ဖုန်းကိုပိတ်ပြီး ကိုယ်ကြိုက်တဲ့ အစားအစာစားတာပဲဖြစ်ဖြစ်၊ တရားထိုင်တာ၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် ကိုယ်သဘောကျတာလေးတွေလုပ်ပြီး အနားယူလိုက်ပါ။

ကျွန်မတို့ အနေနဲ့လည်း Trolling လုပ်ခြင်းက လက်ခံနိုင်စရာမဟုတ်ကြောင်း လူထုကို ပညာပေးခြင်း၊ Trolling လုပ်ခံရတဲ့သူရဲ့ ရှက်စိတ်၊ ကြောက်စိတ် နဲ့ စိုးရိမ်စိတ်တွေ လျော့နည်းစေဖိုအတွက် ဝိုင်းဝန်းကူညီပြီး စိတ်ဓာတ်ခွန်အားပေးခြင်းဖြင့် ကိုယ်တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးလို့ရပါတယ်။