What is Attention Deficit Hyperactivity Disorder

Attention Deficit Hyperactivity Disorder (ADHD) ဆိုတာ ဘာလဲ?

Attention deficit hyperactivity disorder ဆိုတာကတော့ ဦးနှောက်ဖွံဖြိုးမှု နဲ့ပတ်သက်တဲ့ ကစဉ့်ကလျား ဖြစ်ခြင်းပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်မှုမမှန်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ADHD လို့ဆေးပညာအရအတိုကောက်ခေါ်ကြပါတယ်။ psychology အရကတော့ ကလေးငယ်အများစုမှာတွေရလေ့ရှိတဲ့ behavioral disorder တစ်ခုဖြစ်ပါတယ်။

ADHD က ဘယ်လိုမျိုး လက္ခဏာတွေ ရှိသလဲ?

ADHD ဆိုတဲ့ နာမည်အတိုင်းပဲ

  1. Attention-Deficit လိုခေါ်တဲ့ ကြာကြာအာရုံမစိုက်နိူင်ခြင်း
  2. Hyperactivity အငြိမ်မနေနိူင်ခြင်း၊ တက်ကြွလွန်နေခြင်းစတာတွေအပြင်
  3. Impulsivity စိတ်လိုက်မာန်ပါလုပ်တတ်ခြင်း၊ တဇွတ်ထိုးလုပ်တတ်ခြင်းတွေ အဓိကလက္ခဏာအဖြစ် ပါဝင်ပါတယ်။

ကဲ ဒါဆို တစ်ခုချင်းစီအကြောင်းကို ပြောကြည့်ကြရအောင်။

၁။ Attention-Deficit – ကြာကြာအာရုံမစိုက်နိူင်ခြင်း

စိတ်အားထုတ်ရမည့် အလုပ်တွေ (ဥပမာ အိမ်စာများ)ကို မနှစ်သက်ကြဘူး။ ပစ္စည်းတွေ၊ ကျောင်းအတွက် လိုအပ်သော အရာတွေ (ဥပမာ- အရုပ်များ၊ ခဲတံများ၊ ကျောင်းစာများ)တွေမှာ လစ်ဟင်းတာတို့ ပျောက်ရှတာတို့ မကြာခဏဖြစ်တယ်။ အချိန်ဆွဲလုပ်နေတတ်တယ်။ အမြဲရှုပ်ရှက်ခတ်အောင် နေတတ်တယ်၊ သေသေချာချာနားမထောင်တတ်ဘူး၊ ပေါ့ပေါ့ဆဆလုပ်လေ့ရှိတယ်၊ ဂရုမစိုက်ဘဲလုပ်မိလို မှားတဲ့အမှားတွေ လုပ်လေ့ရှိတယ်၊ အချက်အလက်အသေးစိတ်ကို သတိမထားမိတတ်ဘူး။ ဆော့နေရင်လည်း တစ်နေရာတည်း သိုမဟုတ် ကစားစရာ တစ်မျိုးတည်းမှာ ငြိမ်ငြိမ်လေး ဆော့လေ့မရှိဘဲ နေရာမရွေး မရပ်မနား ဆက်တိုက်ဆော့တတ်ကြတယ်။ ဒီတစ်ခုမှ မပြီးခင် ဟိုတစ်ခုပြောင်းလုပ်တတ်တယ်၊၊ အနာအကျင်ဒဏ်ကိုခံနိုင်တယ်။ ပြောနေတဲ့စကားကိုလည်း အာရုံစူးစိုက် နားထောင်လေ့မရှိဘူး။

တခြားအရာတွေမှာ ဘယ်လောက်ပဲ အာရုံမစိုက်နိူင်ပေမယ့် သူတိုစိတ်ဝင်စားတဲ့အရာတွေ၊ နှစ်သက်တာတွေဆိုရင်တော့ အချိန်ခပ်ကြာကြာ အာရုံစူးစိုက်ပြီး လုပ်နေတတ်ပြန်တယ်။ ဒါပေမဲ့ အဲ့အရာတွေမှာလည်း ပထမပိုင်းမှာ လွယ်လွယ်ကူကူတွေဆိုရင် လုပ်နေတတ်ကြပေမယ့် တဖြည်းဖြည်း ခက်ခဲလာတဲ့အပိုင်းကို ရောက်လာပြီဆိုရင်တော့ အဲဒီစိန်ခေါ်မှုတွေကို မလုပ်ချင်ကြတော့ပြန်ဘူး။

၂။ တက်ကြွမှုလွန်ကဲခြင်း (Hyperactivity and impulsivity)

ဒါကတော့ ကလေးတိုင်းမှာ အထူးသဖြင့် အသက်၇နှစ်မတိုင်ခင် (ကျောင်းနေအရွယ် မတိုင်ခင်) မှာ ကျန်းမာသန်စွမ်းတဲ့ကလေးတိုင်း မျောက်ရှုးအောင် ဆော့တာမျိုး တွေ့ရတတ်ပါတယ်။ ပုံမှန်ကလေးဆိုရင်တော့ ကျောင်းနေချိန်ရောက်တဲ့အခါ ကျောင်းခန်းထဲမှာ ထိုင်ဆိုရင် သူ့ခုံမှာ မြဲမြဲထိုင်တတ်ပေမယ့် ADHD ကလေးတွေကတော့ အဲသလို ထိုင်ခုံမမြဲတတ်ပါဘူး။

နောက်ပြီးတော့ လုံးဝ ဂနာမငြိမ်ဘူး၊ ခြေတွေ လက်တွေ အမြဲလှုပ်ရွနေတတ်တယ်၊ ဒူးနှံ့လိုက်၊ ခေါင်းလှုပ်လိုက် ခုံခေါက်လိုက်နဲ့ တလူးလူးတလွန့်လွန့် ဘယ်ညာယိမ်းထိုးပြီး နေတတ်တယ်၊ မစဉ်းစားဘဲ ခွင့်မတောင်းဘဲ မိမိအလှည့်မစောင့်ဘဲ ပြောတတ် ယူတတ် အတင်းဝင်လုမေးတတ်တယ်။ ဒီလို မလုပ်ရဘူးလို့ ပြောဆိုဆုံးမရင်လည်း စိတ်တိုပေါက်ကွဲတတ်တာကြောင့် လူကြီးတွေ အမြင်မှာ ကလေးဆိုးတစ်ယောက်လို ဖြစ်နေတတ်ပါတယ်။
တစ်ချိန်လုံးပြေးလွှား ခုန်ပေါက်နေတတ်တယ်၊ စကားတွေလည်း အဆက်မပြတ် ပြောနေတတ်တယ်၊ ပုံမှန်ကလေးတွေမှာလည်း တချိန်လုံး ဆော့ကစားခုန်ပေါက်နေတာမျိုး ရှိပေမယ့် မောလာတဲ့ခဏမှာတော့ နားချိန်ရှိတတ်ကြသေးတယ်၊ ADHDကလေးတွေကတော့ မော်တာတပ်ထားတဲ့ကလေးတွေ ဖြစ်ပါတယ်၊ သူ့ပင်ကိုယ်ကိုက ရပ်နားလို့ မရတာပါ။

ADHDလို့ ဘယ်လိုသတ်မှတ်နိူင်မလဲ?

  • အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ကလေးတယောက်မှာ အသက် ၇နှစ်မတိုင်ခင် တွေ့နေရမယ်
  • အနည်းဆုံး ၆လဆက်တိုက် အဲဒီလက္ခဏာတွေ ပြနေမယ်
  • အထက်ပါ လက္ခဏာတွေထဲ တခုချင်းစီမှာ အနည်းဆုံး ၆ခု ၇ခုလောက် တိုက်ဆိုင်နေပြီဆိုရင် ADHD လို သတ်မှတ်နိူင်ပါတယ်။

များသောအားဖြင့် ADHDလက္ခဏာတွေနဲ့ Naughty child syndrome ကလေးဆိုးလက္ခဏာတွေ မှားတတ်ပါတယ်။ ဒါကြောင့်လည်း နေရာဌာနအမျိုးမျိုးမှာ ကလေးရဲ့အခြေအနေကို စောင့်ကြည့်သင့်တာပါ။ ဘယ်လောက်ကဲတဲ့ကလေးပဲဖြစ်ပါစေ၊ သူတိုကြောက်ရတဲ့ ဆရာရှေ့၊ မိဘရှေ့၊ လူစိမ်းရှေ့ဆိုရင် နည်းနည်းလေးတော့ ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်တတ်ကြပါသေးတယ်။ ADHD ကလေးတွေကတော့ အဲလိုမဟုတ်ဘဲ ဘယ်နေရာမှာမဆို ဆင်ခြင်ရမှန်း နားမလည်နိူင်တဲ့ကလေးတွေ ဖြစ်ကြပါတယ်။ သူတိုရဲ့အပြုအမူ အပြောအဆို လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ပိုင်းမှာ အားနည်းနေလို့ မထိန်းသိမ်းနိူင်တာ ဖြစ်ပါတယ်။

ADHD က mental illness လား?

ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ ဟုတ်ပါတယ် ADHD ကmental illnessတစ်ခုပါပဲ။ အရှင်းပျောက်အောင်ကုသလို့ရလားဆိုရင်တော့မရပါဘူး။ဒါပေမယ့် ADHD ဆေးဝါးတွေက လက္ခဏာတွေလျော့နည်းသွားအောင် သိပ်မပြင်းထန်တော့အောင် ပြုလုပ်ပေးနိုင်ပါတယ်။ သိပံ္ပပညာအရ ADHD ဘာကြောင့်ဖြစ်လာတာလဲ ဆိုတာကို သတ်သတ်မှတ်မှတ်ဖြေလို့မရပါဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့

  • ထိုရောဂါ ရှိသူ သို့မဟုတ် စိတ်ကျန်းမာရေးရောဂါရှိသော မိဘများ၊ မောင်နှမများ ရှိခြင်း
  • ပတ်ဝန်းကျင်ရှိ သုတ်ဆေးများ၊ တိုက်ဟောင်းများရှိ ပိုက်လုံးများတွင် ခဲအဆိပ်များနှင့် ထိတွေ့မိခြင်း
  • ကိုယ်ဝန်ဆောင်ချိန်တွင် မူးယစ်ဆေးဝါးများ၊ အရက်နှင့် ဆေးလိပ်သောက်ခြင်း
  • လမစေ့ဘဲ ကလေးမွေးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

ADHD ကလေးများကို ဘယ်လို ကုသပေးကြမလဲ?

  1. Behavioral therapy ဟုခေါ်သော အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာများ လေ့ကျင့်ပေးခြင်း
  2. မိဘများကိုလည်း ပညာပေး သင်ကြားပေးခြင်း – ဥပမာကောင်းတာလုပ်ရင် ချက်ချင်းအသိအမှတ်ပြု ဆုပေးပြီးမကောင်းတာလုပ်ရင်လည်း ချက်ချင်းအသိပေးတာမျိုး
  3. ကျောင်းစာသင်ခန်းတွင် လိုအပ်သော အကြံဉာဏ် ပေးခြင်း – ဥပမာ တစ်ဦးချင်းအနီးကပ်သင်ရန်၊ ကလေးကို အာရုံပြန့်လွယ်သည့် ခုံနေရာမျိုးတွင်မထားရန်၊ ငြိမ်၍လိမ္မာသောကလေးများအနီးတွင်ထားရန်၊ လှုပ်လှုပ်ရှားရှား လုပ်ရသည့် အလုပ်မျိုး မကြာခဏ ခိုင်းပေးရန်
  4. သင့်တင့်မျှတသောအစာအာဟာရစားသုံးခြင်း၊ ပုံမှန်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ ဖုန်း၊ ဂိမ်းကစားခြင်းစသည့် Screen time ကို ထိန်းချုပ်ခြင်း စသည်တို့လည်း လိုအပ်ပါတယ်။

များသောအားဖြင့် ADHD ရှိတဲ့ ကလေးငယ်လေးတွေဟာ ကြီးလာရင် symptoms တွေပျောက်သွားလေ့ရှိပေမယ့် တချို့ကတော့ ဆက်လက်၍ တူညီတဲ့အမူအကျင့်တွေပါသွားတတ်ကြပါတယ်။ ဖေဖေမေမေတို့အနေနဲ့ ဒီထက်ပိုပြီး အသေးစိပ်သိချင်တာရှိရင် သို့မဟုတ် စနစ်တကျကုသချင်တယ်ဆိုရင်တော့ ဆရာဝန်နှင့်တိုင်ပင်ပြီး ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရယူနိုင်ပါတယ်ရှင့်။