Psychological insecurity

Insecurity – စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု

သိမ်ငယ်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ အမြဲကိုယ့်ကိုကိုယ်အားမရနေတာမျိုးတွေကြုံဖူးလား?

ဒီနေ့မှာတော့ CITTA SUKHA ကနေပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု့ပျောက်ဆုံးပြီးတော့ အမြဲတမ်းသူများနဲ့နှိုင်းယှဥ်ပြီး စိုးရိမ်နေရတဲ့သူတွေအတွက် အဖြစ်များတဲ့အမျိုးအစားတွေနဲ့ ဘာကြောင့်ဖြစ်သလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Insecurity ဆိုတာဘာလဲ?

အလွယ်အားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု့တွေဖြစ်လာပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု့ပျောက်ဆုံးတာမျိုးလို့ အဓိပ္ပာယ်သတ်မှတ်လို့ရပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့တန်ဖိုး၊ လုပ်ဆောင်နိုင်စွမ်းတွေနဲ့အရည်အချင်းတွေက ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုတဲ့စိုးရိမ်စိတ်တွေလဲ ရှိတတ်ကြပါတယ်။

📌 Insecurity လို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု့တွေဟာ လူတိုင်းနီးပါးကြုံတွေ့ဖူးကြပြီးတော့ တချို့က ခဏနဲ့ပြေ​လည်သွားကြပေမဲ့ တချို့ကတော့ အချိန်တော်တော်ကြာတဲ့ထိ အမြဲလိုလို မပြည့်စုံတဲ့သိမ်ငယ်စိတ်တွေနဲ့ စိတ်ဆင်းရဲနေတတ်ကြပါတယ်။

📌 Insecurity ဖြစ်ပေါ်လာစေနိုင်တဲ့အကြောင်းအရင်းတွေလဲ အများကြီးရှိပြီးတော့ ဘဝရဲ့နယ်ပါယ်ပေါင်းစုံကနေ Insecurityတွေကိုခံစားရနိုင်ပါတယ်။ ကလေးဘဝ ဒါမှမဟုတ် အတိတ်မှာရခဲ့ဖူးတဲ့စိတ်ဒဏ်ရာတွေ၊ အထီးကျန်မှု့တွေ၊ ကျရှုံးခြင်း၊ ငြင်းပါယ်ခံရခြင်းစတဲ့အတွေ့အကြုံတွေ၊ ကိုယ့်ကိုကိုယ်အဆိုးမြင်မှု့တွေနဲ့ အရာရာပြည့်စုံနေချင်တဲ့ မိမိကိုယ်တိုင် ဒါမှမဟုတ် မိဘနဲ့လက်တွဲဖော်တွေ​ စတဲ့ အကြောင်းအရင်းတွေဟာ Insecurity ဖြစ်စေတဲ့ တွန်းအားတချို့ပဲဖြစ်ပါတယ်။

ဒီလိုInsecurityဖြစ်စေတဲ့တွန်းအားတွေထဲမှာမှ အတွေ့ရများတဲ့(၃)မျိုးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးတွေမှာတွေ့ရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု

အများစုဟာ တွေ့ဆုံပွဲတွေ၊ အလုပ်အင်တာဗျူးတွေ၊ မွေးနေ့ပွဲတွေ၊ ဒိတ်လုပ်တာတွေ စတဲ့ လူအများနဲ့ ဒါမှမဟုတ် သူစိမ်းနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှု့ကင်းမဲ့ပြီးတော့ ကိုယ့်အားနည်းချက်ကိုသူများက ဝေဖန်အပြစ်တင်မှာမျိုးကို စိုးရိမ်ကြောက်ရွံ့ပြီး လူအများနဲ့ပေါင်းသင်းဆက်ဆံရမဲ့အခြေအနေမျိုးတွေမှာ စိတ်မသက်သာဖြစ်တာမျိုးတွေနဲ့ နောက်ဆုံးမှာ ဒီလိုမျိုးsocial eventတွေကို ရှောင်လေ့ရှိကြတာမျိုးတွေ စတာတွေထိ ဖြစ်လေ့ရှိကြပါတယ်။ ဒါတွေဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ ငယ်ငယ်က ကျောင်းနဲ့အိမ်ပတ်ဝန်းကျင်မှာ ရွယ်တူတွေ ၊သူငယ်ချင်းတွေရဲ့ ဖယ်ကျဥ်ခြင်းခံရတာမျိုးတွေ၊ ကိစ္စတိုင်းလိုလိုမှာ ဖိအားပေးဝေဖန်တတ်တဲ့ မိဘတွေနဲ့ကြုံခဲ့ရတာမျိုးတွေ ဒါတွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု့တွေကို ပျောက်ဆုံးစေပြီး အရွယ်ရောက်လာတဲ့အခါမှာလဲ ကိုယ့်ကိုသူများဝေဖန်မလားဆိုပြီးအချိန်ပြည့်စိုးရိမ်နေတတ်ကြပါတယ်။ဒါ့ကြောင့်တချို့က ဒီစိုးရိမ်မှု့ကိုဖျောက်ဖို့အတွက် သူများကို ရှာကြံပြီး ဝေဖန်အပြစ်တင်တာမျိုးတွေကိုပါ လုပ်လေ့ရှိကြပါတယ်။

အရာရာပြည့်စုံချင်တဲ့စိတ်ကြောင့်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု

အများစုဟာ အရာရာကို အကောင်းဆုံး၊အလှဆုံးတွေမှ လိုချင်ကြတာ သဘာဝဖြစ်ပေမဲ့ ကိုယ်မျှော်လင့်သလိုအကောင်းဆုံးတွေ ဖြစ်မလာတဲ့အခါလဲ လက်ခံပြီး အကောင်းဆုံးဆက်ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ဒီလိုမျိုး အကောင်းဆုံးတွေကို မျှော်လင့်ထားသလိုမရတဲ့အခါ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု့တွေဖြစ်လာပြီး စိတ်ရောကိုယ်ပါထိခိုက်တတ်ကြပါတယ်။ ဒီလိုအကောင်းဆုံးတွေမရတာဟာ ကိုယ်အသုံးမကျတာကြောင့်ဆိုပြီး မိမိကိုယ်ကိုအပြစ်တင်ပြီး စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု့တွေဖြစ်လာစေပါတယ်။ ဒီကနေတဆင့် စိုးရိမ်ပူပန်ခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်ပေါ်လာပြီး အစားအသောက်မမှန်တာတွေ၊ အအိပ်မမှန်တာတွေဖြစ်လာပြီး ကိုယ်ရောစိတ်ပါထိခိုက်စေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ပက်သက်တဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု

အများစုဟာ ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်နဲ့ပက်သက်လို့ စိုးရိမ်စိတ်တွေရှိတတ်ကြပါတယ်။ လူ့အဖွဲ့အစည်းကသတ်မှတ်ထားတဲ့ အချိုးအစားတွေ ရှိမရှိ အမြဲစိုးရိမ်ပူပန်ပြီး ပတ်ဝန်းကျင်က ရုပ်ရည်၊ ခန္ဓာကိုယ်နဲ့ပက်သက်လို့ ဝေဖန်ပြစ်တင်ခံရမှာကို အမြဲစိုးရိမ်လေ့ ရှိကြပါတယ်။ ကိုယ်မလှဘူးထင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအပေါ်မှာပဲ အမြဲလိုလိုအာရုံစိုက်ထားပြီး စိုးရိမ်နေတတ်ကြပါတယ်။

Insecurity တွေကို လျှော့ချဖို့အတွက်ဆိုရင်တော့ ကိုယ့်အားနည်းချက်ကိုပဲ မမြင်ဘဲ ကိုယ့်ရဲ့အားသာချက်တွေကို ထည့်သွင်းစဥ်းစားပြီး ကိုယ့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းမိတ်တွေနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး အချိန်ကုန်ဆုံးတာမျိုးတွေ၊ Counsellor နဲ့ဆွေးနွေးပြီး အကြံဉာဏ်ယူတာမျိုးတွေ လုပ်နိုင်ပါတယ်။