လူတွေအားလုံးဟာမတူညီတဲ့ မိဘတွေရဲ့ မတူညီတဲ့ အုပ်ချုပ်မှုအောက်မှာ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားခြားနားစွာ ရှင်သန်ကြီးပြင်းလာကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြီးပြင်းလာခဲ့ရတဲ့ အနေအထားတွေ၊ အခက်အခဲတွေနဲ့ စိတ်ဒဏ်ရာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေက တစ်ယောက်နဲ့တစ်ယောက် မတူညီပဲ ရှိတတ်ကြပါတယ်။ သို့သော်လည်း တူညီတာတစ်ခုကတော့ လူတိုင်းလူတိုင်းမှာ “Inner Child” လို့ခေါ်တဲ့ အတွင်းသူငယ်စိတ်လေးတွေ ရှိတတ်ကြတယ်။ အတွင်းသူငယ်စိတ်ဆိုတာကတော့ ကျွန်မတို့ ကလေးဘဝတုန်းက ခံစားချက်လေးတွေကို သိမ်းထားတတ်တဲ့ သင့်စိတ်ရဲ့ နေရာတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ငယ်ဘဝက မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် အသက်ကြီးလာတဲ့အခါမှာ တုံ့ပြန်မှုတွေ မတူညီတဲ့ လူတစ်ဉီးရဲ့ ကိုယ်ရည်ကိုယ်သွေး အသေးစားလေးတွေလို့လည်း ပြောလို့ရပါတယ်။
Inner Child က ကိုယ့်အပေါ် ဘယ်လောက်ထိ လွှမ်းမိုးနိုင်သလဲ?
လူတစ်ယောက်ဟာ ချစ်ခင်ကြင်နာမှု၊ နွေးထွေးမှု၊ လုံခြုံမှုတွေနဲ့ ငယ်ဘဝကို ဖြတ်သန်းရတဲ့အခါမှာ သူ့မှာ ကျန်းမာပျော်ရွှင်တဲ့ Inner Child (အတွင်းသူငယ်) ရှိတယ်လို့ ပြောလိုရပါတယ်။ ဒါပေမယ့် ငယ်စဉ်အခါမှာ ကလေးတစ်ယောက်ဟာ လျစ်လျူရှုခံရမယ်၊ အပြစ်တင်ခံရမယ်။ ယုံကြည်မှုနည်းတာခံရမယ်။ အပစ်ရှိသလိုခံစားရမယ်။ ဒါမှမဟုတ် သင်ငယ်ငယ်တုန်းက သင့်မိဘတွေက အပစ်သေးသေးလေးတစ်ခုလုပ်မိရင်တောင် ရိုက်နှက်မယ်၊ နှိပ်စက်မယ်။ သင်တော်နေရင် သို့မဟုတ် ကောင်းတာတစ်ခုခုလုပ်ရင်တောင်မှ မချီးကျုးဘဲ အပစ်မရှိ အပစ်ရှာကြံပြီး ပြောမယ်စသဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခဲ့ရတာတွေများရင်… သင့်ရဲ့ Inner Child (အတွင်းသူငယ်)ဟာ ဒဏ်ရာတွေ ရသွားမှာဖြစ်ပါတယ်။
Inner Child ကို ဘာလို့ ကုသသင့်တာလဲ?
သင့်ရဲ့ Inner Child က ခုလိုမျိုး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရတာတွေ များနေမယ်ဆိုရင် သင့်အတွင်းစိတ်ထဲမှာ ငယ်ငယ်တုန်းကလိုမျိုး အကြောက်တရားတွေ၊ စိတ်မလုံခြုံမှုတွေက ဆက်လက်ရှင်သန်ကြီးထွားနေမှာ ဖြစ်ပါတယ်။ အကယ်၍ သင်က ငယ်ရွယ်စဉ်က ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမခံခဲ့ရရင် အသက်ကြီးလာလို့ လုပ်ငန်းခွင်မှာ အမှားတစ်ခုလုပ်မိလို့ ကိုယ့်အထက်လူကြီးက ဆူပူအခါ လိုတာထက်ပိုပြီး ဒေါသနဲ့ တုံ့ပြန်မိတာလည်း ဖြစ်နိုင်သလို အလွန်အမင်း ကြောက်ရွံ့ပြီး စကားတစ်လုံးမှ ပြန်မပြောနိုင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒီလို Response လုပ်တာကို ကာယကံရှင် ကိုယ်တိုင်တောင် သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဒီ inner child (အတွင်းသူငယ်) ကို controlလုပ်ဖို ခဲယဉ်းတဲ့အပြင် အသိစိတ်ကို အလွယ်တကူ လွှမ်းမိုးနိုင်တာကို တွေ့ရပါတယ်။ သူလိုချင်တာကို အတင်းလိုက်လုပ်ပေးရာက ကိုယ့်ရဲ့ emotional wellbeing တွေ နေ့စဉ်လူနေမှုဘဝတွေ ဆက်ဆံရေးတွေကိုပါ ထိခိုက်လာနိုင်တာကြောင့် Inner Child ကို အချိန်ပေးပြီးတော့ ကုသသင့်ပါတယ်။ ကုသလိုက်မယ်ဆိုရင် ပြဿနာတော်တော်များများကို အရင်လို ကလေးဆန်ဆန် ဖြေရှင်းမယ့်အစား လူကြီးတစ်ယောက်လို ကိုင်တွယ်လာနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုမျိုး အခြေအနေတွေက သင့်ရဲ့ Inner Child ကို စိတ်မလုံခြုံဖြစ်စေတာလဲ?
ကျွန်မတို့တွေအားလုံးက ဒီမိသားစု ဒီလိုနေရာမျိုးမှာ မွေးဖွားချင်ပါတယ်လို့ ရွေးချယ်ပိုင်ခွင့် မရှိတဲ့အတွက်ကြောင့် ကိုယ်ကြီးပြင်းလာခဲ့ မိသားစုက လူတိုင်းအတွက်တော့ စိတ်တိုင်းကျချင်စရာ ကောင်းလှမယ် မထင်ပါဘူး။ အထူးသဖြင့် ဖွံ့ဖြိုးဆဲအခြေအနေမှာ ရှိတဲ့ မြန်မာနိုင်ငံလိုမျိုး အစိုးရဘက်ကလည်း ကလေးသူငယ်တွေကို ကာကွယ်ပေးတဲ့ ဉပဒေ ခိုင်ခိုင်မာမာလည်းမရှိ၊ မိဘတွေကလည်း parenting knowledge အားနည်းကြတော့ မြန်မာကလေးတော်တော်များများက ကန့်သတ်ချက်တွေ ဘောင်တွေအတွင်းမှာပဲ ပျိုးထောင်ခံခဲ့ရတာမလို့ စိတ်ဒဏ်ရာ အနည်းနဲ့အများ ရှိကြလိမ့်မယ်လို့ ယူဆမိပါတယ်။
ငယ်စဉ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံစေတဲ့ အခြေအနေတွေ အများကြီးထဲမှာမှ အဓိက အခြေအနေ (၉) ရပ် ကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖက်ခြင်း၊ နမ်းရှုံခြင်း၊ ထွေးပေွ့ခြင်း စသဖြင့် မိဘက ကြင်ကြင်နာနာ နွေးထွေးယုယမှုတွေ မပေးခဲ့ဘူး။
(၂) ကလေးရဲ့ အတွးအမြင်တွေ ထုတ်ဖော်ဖို့ကို အားမပေးဘူး သို့မဟုတ် တားမြစ်ခံခဲ့ရတယ်။
(၃) စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြမိတဲ့အတွက် အပစ်ပေးခံရတယ်။
(၄) ကလေးဘာသာသဘာဝ လွတ်လွတ်လပ်လပ် နေထိုင်ပြောဆိုပြုမှုခွင့် မပေးဘူး။ ( ဉပမာ ဘောလုံးကစားရင် အဝတ်အစားတွေ ညစ်ပတ်လို့ မဆော့ရဘူး။ မိန်းကလေးဆို ဘောလုံးမကန်ရဘူး စသဖြင့် )
(၅) မိဘအုပ်ထိန်းသူက ကလေးကို အမြဲတမ်းအရှက်ရစေတယ် ( ဉပမာ လူလယ်ခေါင်မှာ ဆူပူရိုက်နှက်တာမျိုး )
(၆) စိတ်တိုတာ ဝမ်းနည်းတာ စတဲ့ စိတ်ခံစားချက်တွေကို ပိတ်ပင်တယ် ( ဉပမာ ယောကျ်ားလေးဆို မငိုရဘူး၊ ငိုရင် နင့်ကို ထပ်ရိုက်မယ်။ နင်က မိဘကိုတောင် ပြန်ပြီး စိတ်တိုပြနေတယ်ပေါ့ အစရှိသဖြင့် )
(၇) ဆုံးမတာထက်ကျော်လွန်ပြီး လိုတာထက်ပိုပြီး ရိုက်နှက်တာ၊ စိတ်ထိခိုက်အောင် ပြောတာ
(၈) ကိုယ့်ကြိုးစားမှု သို့မဟုတ် ဝါသနာကို ချီးကျုးအသိအမှတ်ပြုခြင်း မခံရဘဲ အပစ်ရှာပြောခံရတာ၊ မျှော်လင့်ချက်တွေ ရိုက်ချိုးပစ်တာ
(၉) တစ်ပါးသူတွေရဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ခံရတာတို့က ငယ်ရွယ်နုနယ်သေးတဲ့စိတ်ကို ဒဏ်ရာရသွားစေနိုင်တဲ့
အခြေအနေတွေပဲ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် မိဘအုပ်ထိန်းသူတွေဆီကနေ လျစ်လျူရှုခြင်း (၂ )မျိုးကို ကြုံတွေ့ရလေ့၍ရှိတယ်လို့ ပြောလို့ရပါတယ်။
(၁) စိတ်ပိုင်းဆိုင်ရာ လျစ်လျုရှုခံရခြင်း
စိတ်ပိုင်းဆိုင်ရာ လျစ်လျုရှုခံရတာက ဘယ်လိုမျိုးလဲဆိုတော့ သင့်မိဘအုပ်ထိန်းသူတွေက သင့်ကို ချစ်ကြောင်းလည်းမပြဘူး။ ကိုယ့်ခံစားချက်တွေဟာ အသွားအပြန်မရခဲ့ဘူး။ အပြစ်ခံခဲ့ရတယ်။ တစ်ယောက်တည်းကျန်ခဲ့တယ်။ မောင်းထုတ်ခံခဲ့ရတယ်။ ကိုယ်လုပ်ခဲ့တာတွေအတွက် အပြစ်ရှိသလို အမြဲအပြောခံရတယ်။ သူများနဲ့ အမြဲအနှိင်းခံရတယ်။ ဘာလုပ်လုပ် အပြစ်တင်ခံရတယ်။ ဝေဖန်ခံရတယ်။ ကောင်းတာလုပ်လည်း အသိအမှတ်အပြုမခံရဘူး။ ချီးကျူးမခံရဘူး။ လိုအပ်ချက်တွေ/တောင်းဆိုတာတွေ မရခဲ့ဘူး။ နွေးထွေးမှု ချစ်ခင်မှု မခံရဘူး။
(၂) ရုပ်ပိုင်းဆိုင်ရာ လျစ်လှူရှုခံရခြင်း
ပုံမှန်အားဖြင့် မိဘက လူလားမမြောက်သေးတဲ့ သားသမီးကို အစားအစာ၊ အဝတ်အစား၊ နေစရာထိုင်စရာစတဲ့ အခြေခံလိုအပ်ချက်တွေကို ထောက်ပံ့ပေးရမှာ သဘာဝပါ။ ဒါပေမဲ့ တချို့သော မိဘတွေက လုံလုံလောက်လောက် ထောက်ပံ့ပေးခြင်းမရှိဘဲ အာဟာရမျှတအောင် မကွေျးတာ၊ နေစရာ ကောင်းကောင်းမွန်မွန်မရှိတာ စသဖြင့် လစ်ဟင်းတာတွေ ရှိတတ်ကြပါတယ်။
အထက်ဖော်ပြပါ ကိစ္စရပ်တွေလိုမျိုး လျစ်လျူရှုခြင်းခံရတဲ့ အကျိုးဆက်အနေနဲ့ သင်က
- ကိုယ့်ကိုယ်ကို တစ်ခုခုမှားနေတယ်လို အမြဲခံစားနေရတယ်။
- တစ်ခုခု အသစ်လုပ်တိုင်း/ကြုံရတိုင်း စိုးရိမ်ပူပန်စိတ်ဖြစ်တယ်။
- လူတိုင်း ကျေနပ်အောင်နေပေး/လုပ်ပေးတယ်။ ကိုယ်လိုချင်တာ/ဖြစ်ချင်တာဘာလဲမသိဘူး။
- ရွာပြင်ရောက်နေတယ်လိုခံစားရပြီး အဲ့လို သူများတွေနဲ့ ပဋိပက္ခ ဖြစ်မှနေသာထိုင်သာရှိတယ်။
- လိုလို မလိုလို ပစ္စည်းတွေ သိမ်းတတ်တယ်။ စွန့်ပစ်ရမှာ စွန့်လွှတ်ရမှာ ခက်ခဲတယ်။
- ကိုယ့်ဘက်ကိုယ် ရပ်တည်ရမှာ အပြစ်ရှိသလိုခံစားရတယ်။
- ကိုယ့်စိတ်ကို မထိန်းနိုင်ဘဲ ဒေါသလွယ်လွယ် ထွက်တတ်လာတယ်။
- ဘယ်သူ့ကိုမှမယုံဘူး။
- သူများနဲ့ စကားများရမှာကို အတတ်နိုင်ဆုံးရှောင်တယ်။
- ဆေးလိပ်/အရက် (သို) ဝါသနာ (သို) တစ်ခုခုကို Addicted (စွဲလမ်း)ဖူးတယ်။
- လူတွေနဲ့ဆက်ဆံရမှာကြောက်တယ်။ လူတွေကိုတတ်နိုင်သမျှရှောင်တယ်။
- အဖေ/အမေနဲ့ နီးစပ်တယ်လို တစ်ခါမှမခံစားရဖူးဘူး။
- သူများတွေကို ကိုယ့်ကိုယ်ကိုထက်ပိုပြီး တာဝန်ယူတတ်တယ်။
- စွန့်ပစ်ခံရမှာ အရမ်းကြောက်တဲ့အတွက် relationship တွေမှာ အထားမခံရအောင် တတ်နိုင်သမျှကြိုးစားတယ်။
- ငြင်းရမှာ အရမ်းခက်ခဲတယ်။
ဒဏ်ရာရနေတဲ့ ကိုယ့်အတွင်းသူငယ်စိတ်ကို ဘယ်လို ပြန်လည်ပြုစုပေးပြီး ကုသကြမလဲ?
အတိတ်က ဒဏ်ရာတွေကို ပြန်လည်တူးဖော်ရတာက မလွယ်ကူမှန်း သိပါတယ်။ ဒါပေမဲ့လည်း မကုသဘဲ ထားလိုက်ရင် အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာပြီး စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်နော်။ နှစ်ပေါင်းများစွာ ကိုယ့်ရဲ့ မသိစိတ်ထဲမှာ စွဲနေတာမလို့ အချိန်တိုတွင်းတော့ ကုသနိုင်မှာ မဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။
- အရာရာတိုင်းက ကိုယ့်ကြောင့်ဖြစ်တာ မဟုတ်ဘူး။
- ကိုယ်ဟာ ကောင်းတာတွေ/ ပျော်ရွှင်မှုတွေ/ ပြုစုယုယတာတွေ/ ခွင့်လွှတ်ခြင်းတွေ/ မေတ္တာတွေနဲ့ ထိုက်တန်တယ်ဆိုတာ အသိအမှတ်ပြုပါ။
- ကိုယ်ဖြစ်ချင်တာတွေ/ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းဖိုလိုတယ်ဆိုတာ လက်ခံပါ။
- ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားပါ။
- ကိုယ့်စိတ်ခံစားချက်တွေ/အတွေးအမြင်တွေ/ခန္ဓာကိုယ်ဟာ ဖုံးဖိစရာ/အရှက်ရစရာလိုမခံစားပါနဲ့။
- ရသလောက် မပြည်စုံဘူး/မတင်းတိမ်ဘူး ဆိုတဲ့ ခံစားချက်တွေ ရှိနေရင်လည်း အသိအမှတ်ပြုပါ။
- ကိုယ့်ကိုယ်ကို ပြန်ပြီး စည်းကမ်းလေးနဲ့နေတတ်အောင် လေ့ကျင့်ပါ။
- ကလေးဘဝတုန်းက မလုပ်ခဲ့ရတဲ့ ပျော်စရာလေးတွေ/ မဝခဲ့တဲ့ ကစားနည်းလေးတွေကို ကလေးတွေနဲ့အတူ ဆော့ပေးပါ။
ဒီအချက်လေးတွေနဲ့ inner child ကို ပြုစုပျိုးထောင်ရင်း ပြန်လည်ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်တိုင် ရင်ဆိုင်ဖို ခက်ခဲတာပဲဖြစ်ဖြစ်/ emotion တွေ အရမ်းပြင်းထန်ပြီး ဘာလုပ်လို ဘာကိုင်ရမလဲမသိ ကိုယ့်ရဲ့ အပြုအမူ/ အတွေးအခေါ်တွေဟာ ထိန်းချုပ်လို အရမ်းခက်ခဲတယ်။ ဘဝဆက်ဆံရေးတွေမှာလည်း အနှောင့်အယှက်ဖြစ်စေတယ် ဆိုရင်တော့ တစ်ယောက်တည်း ကျိတ်မှိတ်မနေပဲ တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး စနစ်တကျ ရင်ဆိုင်ဖို့ အကြံပြုချင်ပါတယ်ရှင်။